ရေးမြို့ပေါ်တွင် PDF နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ပစ်ခတ်မှု

0
835

မွန်ပြည်နယ်၊ ရေးမြို့ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား နိုဝင်ဘာလ ၂၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ အအေးဆိုင်တစ်ဆိုင်တွင် PDF တပ်ဖွဲ့ဝင် နှစ်ဦးရောက်ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ရောက်ရှိလာပြီး စတင်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း မြို့ခံတို့က ဆိုသည်။

“သူတို့ (PDF) နှစ်ယောက်က အအေးဆိုင်မှာ ရောက်တဲ့အချိန်မှာပဲ စစ်သား သုံးယောက်က ရောက်လာပြီးတော့ ပစ်တာ။ သူတို့ သတင်းရလို့ ဖြစ်မှာပေါ့။ ပစ်ကြတာ ၁၀ ချက်ကျော်မယ်။ သူပစ် ကိုယ်ပစ်ပဲ။ နှစ်ယောက်ထဲက တစ်ယောက်က လက်မှာထိသွားပြီးတော့ ပြန်ဆုတ်သွားကြတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ် အင်အား ၅၀ ခန့် ထပ်မံရောက်ရှိလာပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာတဝိုက်က လမ်းများအားလုံးကို ပိတ်ထားကာ နေအိမ်များကို တစ်အိမ်တက်ဆင်း ပိတ်ဆို့ရှာဖွေခဲ့ကြောင်း ရက်ကွက်နေသူတို့ထံမှ သိရသည်။

“ဟိုနှစ်ယောက်က အဲဒီနီးနားတဝိုက်မှာပဲ ရှိနေတဲ့အထင်နဲ့ ထင်တယ်။ လမ်းတွေကို ပိတ်ပြီးစစ်တာ။ သူတို့ (စစ်တပ်) က တစ်အိမ်တက် တစ်အိမ်ဆင်းကို စစ်တာ ရှာဖွေတာ။ ဘာမှတော့ မတွေ့ဘူးပေါ့” ဟု အထက်ပါ ရပ်ကွက်နေသူက ပြောသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်က သုံးဦး ဒဏ်ရာရခဲ့ပြီး PDF ဘက်က တစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု လည်း မျက်မြင်တွေ့ရှိခဲ့သည့် ရပ်ကွက်နေသူတို့က ပြောဆိုသည်။

ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ရေးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း မြို့ခံတို့ထံမှ သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်။

ယခုရက်ပိုင်းအတွင်း ရေးမြို့တွင် တိုက်ပွဲဖြစ်ပွားမည်ဆိုသည့်သတင်း ပျံ့နှံ့နေသောကြောင့် စစ်ကောင်စီတပ်ဘက် ကလည်း မြို့တွင်းနှင့် မြို့ပြင်နေရာအနှံ့ လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် စစ်ဆေးမှုလည်း တင်းကျပ်ထား ကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။