ဘုရားသုံးဆူတွင် စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

0
2049

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ နိုဝင်ဘာလ ၂၃ ရက်‌နေ့ နံနက်ပိုင်းက စစ်ကောင်စီ ခလရ-၉၇ တပ်ရင်းက ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

စစ်ကောင်စီ ခလရ-၉၇ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းဆိုသူသည် ယနေ့ နံနက် ၆ နာရီ ဝန်းကျင် က ဘုရားသုံးဆူမြို့၊ လမ်းမပေါ်ရှိ အလှပြင်ဆိုင်တစ်ခုတွင် ရှိနေစဉ်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“အလှပြင်ဆိုင်ထဲမှာ ရှိနေတဲ့အချိန်မှာ ပစ်ခတ်ခံရတယ်။ ဘယ်သူ့လက်ချက်လဲဆိုတာကတော့ သေချာ မပြောနိုင်ဘူး။ ဒီမြို့မှာက လက်နက်ကိုင်တွေကလည်း များတော့ ပြောဖို့တော့ ခက်တယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းသည် ဦးခေါင်းတွင် ရရှိသည့် ကျည်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်းလည်း အထက်ပါ မြို့ခံက ပြောသည်။

ဗိုလ်မှူးအေးချမ်းကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့်လာရောက် ပစ်သတ်သွားခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင် နယ်ခြားစောင့်တပ် DKBA ၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ အစရှိသည့် ကရင်တိုင်းရင်းသား လက်နက်ကိုင်းအဖွဲ့များ၊ မွန်ပြည်သစ်ပါတီ NMSP တို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တို့ လှုပ်ရှားနေကြောင်း မြို့ခံတို့ထံမှ သိရသည်။

ဘုရားသုံးဆူမြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သတင်းပေးဆိုသူများ၊ အုပ်ချုပ်ရေးမှူးများ ပစ်သတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိသည်။