ပုလောမြို့တော်ခန်းမ ဒရုန်းဖြင့်ဗုံးချခံရ၊ စစ်ကောင်စီတပ်က လက်နက်ကြီးငယ်များဖြင့် ပြန်ပစ်

0
942

မြိတ်ခရိုင်၊ ပုလောမြို့ပေါ်တွင် မြို့တော်ခန်းမ ဒရုံးဖြင့် ဗုံးချခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံများထံမှသိရသည်။

နိုဝင်ဘာလ ၂၂ ရက် ည ၈ နာရီဝန်းကျင်က လက်နက်ငယ် ပစ်ခတ်သံ အများအပြားကြားခဲ့ရသလို လက်နက်ကြီးပစ်သံများလည်း ဆက်တိုက်ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ဒရုန်းနဲ့ ဗုံးလာချလို့ အောက်ကနေပြီး ပြန်ပစ်တာလို့ သိရတယ်။ တစ်မြို့လုံးဆူညံနေတာပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပုလောပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီတပ် ဝင်ထွက်သွားလာလေ့ရှိသည့် မြို့တော်ခန်းမပေါ်သို့ ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချခဲ့သည်ဟု သိရပြီး ထိခိုက်မှု ရှိမရှိ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

ဒရုန်းဖြင့် ဗုံးချချိန် မြို့တော်ခန်းမတွင် စစ်ကောင်စီတပ်သားများ စခန်းချနေထိုင်နေသည်ဟု ဒေသခံတစ်ဦးက ပြောဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

ဗုံးချခံရပြီးနောက် စစ်ကောင်စီတပ်က ကျောင်းနိမ့်ကျေးရွာနှင့် ပဝတ်ကုန်းကျေးရွာများသို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“ဒီမနက် (နိုဝင်ဘာ ၂၃) စောစောကလည်း ပဝတ်ကုန်းဖက်ကို သုံးလုံးထပ်ပစ်လိုက်သေးတယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။

ပုလောအခြေစိုက် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ ရဲဘော်တစ်ဦးကလည်း ဒေသတွင်း တော်လှန်ရေးအဖွဲ့တစ်ခုက မြို့တော်ခန်းမအပေါ် ဒရုန်းဖြင့် ဗုံးချသည်ဟု သိရှိရပြီး စစ်ကောင်စီထိခိုက်မှုကိုတော့ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောဆိုသည်။

ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကိုတော့ ကာယကံရှင် တပ်ရင်းတပ်ဖွဲ့များက လတ်တလော ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ပြည်သူ့ကာကွယ်တပ်များက စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲများ ဆင်နွှဲနေချိန် တိုက်ပွဲဖော်ဆောင်မှု အားကောင်းသည့် ပုလောမြို့နယ်ကိုလည်း စစ်ကောင်စီက စစ်သည်အင်အား တိုးချထားကြောင်း ပုလောဒေသခံများထံမှသိရသည်။