သရက်ချောင်း ဝဲရစ်ရွာသား တစ်ဦး ပစ်သတ်ခံရ

0
839

သရက်ချောင်းမြို့နယ် ဝဲရစ်ရွာသားတစ်ဦးသည် (ယနေ့) နိုဝင်ဘာလ ၂၀ ရက် မနက်ပိုင်းက ပစ်သတ်ခံလိုက်ရသည်ဟု ‌ဒေသခံများထံမှသိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၄၇ နှစ်ဝန်းကျင်အရွယ်ရှိ ကိုတင်ဇော် ဆိုသူဖြစ်ကာ ယနေ့မနက် ရှစ်နာရီခန့်က အမျိုးသားနှစ်ဦးရောက်လာပြီး ကိုတင်ဇော်ကို အပြင်သို့ ခေါ်ဆောင်ကာ ပစ်သတ်သွားခြင်းဖြစ်သည်ဟုဒေသခံတစ်ဦးကပြောသည်။

“သူက ရာဘာလုပ်ငန်းလုပ်တယ်၊ ဘုန်းကြီး ကားမောင်းတယ် ဘာကြောင့်ပစ်သတ်ခံရတယ်ဆိုတာတော့ မပြောတတတ်ဘူး “ဟု ၎င်းဒေသခံကပြောသည်။

ကိုတင်ဇော်သည် ရငဲရွာသား ဖြစ်ပြီး ဝဲရစ်ရွာသူနှင့်အိမ်ထောင်ကျကာ ဝဲရစ်ရွာမှာပင် နေထိုင်ခဲ့ကြောင်းသိရသည်။

ကိုတင်ဇော် သေဆုံးချိန်တွင် ဇနီးဖြစ်သူအပါဝင် သားနှစ်ယောက် ၊သမီး သုံးယောက်ကျန်ခဲ့သည်။

ရုပ်အလောင်း ကို ယနေ့ မနက် ကိုးနာရီခန့်တွင် ဝဲရစ်သုဿာန်၌ သင်္ဂြိုဟ်လိုက်ကြောင်းသိရသည်။

ကိုတင်ဇော်ကို မည်သူတို့ က မည်သည့်အကြောင်းရင်းကြောင့် ပစ်ခတ်သတ်ဖြတ်သွားသည်ဆိုခြင်းကို အသေးစိတ်မသိရသေးပေ။

နိုဝင်ဘာလ ၁၉ ရက် နေ့ မွန်းလွဲပိုင်းကလည်း ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ စားသောက်ဆိုင်ထဲတွင် အသက် ၂၃ အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးကိုလည်း နောက်လူငယ်အမျိုးသားတစ်ဦးက ဆိုင်ထဲဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်သွားသည့်အတွက် သေဆုံးခဲ့သေးသည်။