အခါလွန်မိုးဖျက်သဖြင့် လယ်သမားနှင့် ရော်ဘာတောင်သူများ အခက်တွေ့

0
711

ဆောင်းရာသီထဲ ဝင်ရောက်သည်အထိ မုန်တိုင်းအရှိန်ဖြင့် အခါလွန်မိုး ရွာသွန်းနေဆဲဖြစ်သောကြောင့် လယ်သမားနှင့် ရော်ဘာခြစ်တောင်သူများအခက်တွေ့နေကြကြောင်း ၎င်းတို့က ပြောသည်။

နိုဝင်ဘာလသည် စပါးရိတ်သိမ်းရာသီဖြစ်သော်လည်း အခါလွန်မိုးကြောင့် ရိတ်သိမ်း မရသေးဘဲစောင့်ကြည့်နေရကြောင်း ထားဝယ်ခရိုင်ရှိလယ်သမားအချို့က ဆိုသည်။

“လယ်ထဲမှာက ရေတင်နေသေးတော့ ဆင်းမရသေးဘူး။ စပါးရိတ်စက်လည်း ဆင်းမရသေးဘူး။ စပါးပုံမယ့်နေရာလည်း မရှိဘူး” ဟု သရက်ချောင်းမြို့နယ် ဇီကျရွာက လယ်သမားတစ်ဦးက ပြောဆိုသည်။

အခါလွန်မိုးကြောင့် ရိတ်သိမ်းချိန်နောက်ကျပြီး စပါးအလေလွင့်ဖြစ်ခဲ့ရသည်ကို လယ်သမားများ ယမန်နှစ်ကလည်းတစ်ကြိမ် ကြုံရပြီး ယခုနှစ်တွင်လည်း နောက်တစ်ကြိမ် ၂နှစ်ဆက်တိုက်ကြုံတွေ့နေရသည်ဟုဆိုသည်။

“မနှစ်ကဆိုရင် လယ်ထဲကရေတွေကို (ရေစုပ်စက်နဲ့) စုပ်ထုတ်ပြီးမှ ရိတ်ရတာ” ဟု လောင်းလုံးမြို့နယ် ကထောင်းနီကွင်းက လယ်သမားတစ်ဦးကဆိုသည်။

လယ်ထဲရေရှိနေချိန် စပါးရိတ်စက်ဝင်ပါက လယ်မြေပျက်စီးလေ့ရှိပြီး မိုးရာသီတွင် ထွန်ယက်စရိတ်ပိုမိုကုန်ကျကြောင်း လယ်သမားအချို့ကဆိုသည်။

ယင်းအပြင် ထွန်ယက်စိုက်ပျိုးစဉ်က မိုးကြီးသဖြင့် ထားဝယ်ခရိုင်တွင် လယ်ဧက အများအပြား ရေမြှပ်ပျက်စီးသွားခဲ့ရသည်။

ရေမြှပ်ပျက်စီးသွားသည့် လယ်များကို စပါးပျိုးပင်ပေါက်များ ဈေးကြီးပေးစိုက်ထားရကြောင်း လယ်သမားအချို့ကဆိုသည်။

“စိုက်တုန်းကလည်း ရေကြီးလို့ ပျိုးပင်ဝယ်ရသေးတယ်။ အခုလည်း မိုးကြီးလို့ စပါးပင်တွေ ရေထဲစိမ်နေတယ်။စပါးရိတ်စက်နဲ့ ရိတ်ရပါ့မလားမသိသေးဘူး။ လက်နဲ့ရိတ်မယ်ဆိုလည်း လူ(ငှား) မရှိဘူး” ဟု လောင်းလုံးမြို့နယ်ကဒက်ကြီးကွင်းရှိ လယ်သမားတစ်ဦးက ပြောသည်။

အလားတူ ရော်ဘာခြစ်တောင်သူများမှာလည်း အခါလွန်မိုးကြောင့် နားရက်များနေကြောင်းပြောဆိုကြသည်။

“ပုံမှန်ဆိုရင်တော့ နှစ်ရက်ခြစ်၊ တစ်ရက်နား အဲဒီလိုသွားနေတာ။ အခုက မိုးနဲ့ဆိုတော့ နားရက်များနေတယ်” ဟုထားဝယ်ခရိုင်ရှိ ရော်ဘာခြစ်တောင်သူတစ်ဦးကဆိုသည်။

ယင်းသို့ အလုပ်နားလိုက်ရသဖြင့် တစ်ရက် ရော်ဘာ ပေါင် ၁၀၀ ခန့်ထွက်သူတစ်ဦးအဖို့ ငွေကျပ်တစ်သိန်းကျော်နစ်နာကြောင်း ၎င်းကဆိုသည်။

“ခြံထဲမှာ (ရော်ဘာအပြား) အခုလာဝယ်မယ်ဆိုရင် တစ်ပေါင် ၁၄၀၀ (ကျပ်) ရတယ်။ အဲဒီဈေးနဲ့ပဲတွက်မယ်ဆိုရင်တစ်နေ့ တစ်သိန်းစွန်းစွန်းလောက်နစ်နာတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ၊ ဒီဇင်ဘာလတို့တွင် အားကောင်းသည့် အယ်လ်နီညိုဖြစ်စဉ်ဖြစ်ပေါ်လာပြီး ပုံမှန်မဟုတ်သည့်ရာသီဥတု ဖြစ်စဉ်များဖြစ်ပွားနိုင်ကြောင်း မိုးလေဝသပညာရှင်များက သတိပေးထားသည်။

ပုံမှန်မဟုတ်သော ရာသီဥတုဆိုသည်မှာ အချိန်အခါမဟုတ်မိုးရွာခြင်း၊ အပူချိန်မြင့်တက်ခြင်း စသည်တို့ရုတ်တရက်ဖြစ်ပွားလာခြင်းကိုဆိုလိုသည်။