ထားဝယ် မောင်မယ်ရှောင်ရွာအနီး နှစ်ရက်ဆက်တိုက်ပွဲဖြစ်၊ ကားသမားတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

0
2679
ပုံစာ - ရှင်ဓာတ်ဝဲဘုရားအနီးပစ်ခတ်မှု။ photo - DGRF

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးတွင် နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

နိုဝင်ဘာလ ၁၈ ရက် ညနေ ၆ နာရီခွဲဝန်းကျင်တွင် မောင်မယ်ရှောင်ရွာ ၊ ဘုရားမဲစစ်ကောင်စီဂိတ်အနီးရှိ ဖောင်တော်ဦးဘုရားအနီးတွင် စစ်ကောင်စီတပ်နှင့် ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) တပ်ခွဲ ၂ တို့ မိနစ်၃၀ ခန့်ကြာ ပစ်ခတ်မှုဖြစ်ပွားကြောင်း _ဒေသခံတို့ထံမှ သိရသည်။

ရှင်ကိုးရှင် သမိုင်းဝင် ရှင်ဓာတ်ဝဲ ဘုရားအနီးတွင်လည်း နိုဝင်ဘာလ ၁၉ ရက် မွန်းတည့်ပိုင်းတွင် ဘုရားအနီး ထိုင်နေသည့် စစ်ကောင်စီတပ်သားများကို DGRF အဖွဲ့ က သွားရောက်ပစ်ခတ်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“ အရက်သောက်ပြီးလာထိုင်နေကြတယ် သတင်းရလို့ လာပစ်တာပါ။ အရေအတွက်က ၂၅ ၊ ၃၀လောက်ရှိမယ် ။ လက်ဦးမှုယူပြီးသွားတာ ။ သူတို့လည်းပြန်ပစ်တာပဲ။ ကျွန်တော်တို့အဖွဲ့မှာတော့ မထိဘူး” ဟု DGRF အဖွဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးသည်ကို မျက်မြင်တွေ့ရကြောင်း DGRF ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရှင်ဓာတ်ဝဲဘုရားအနီး ပစ်ခတ်မှုဖြစ်ပြီး မကြာမီ မောင်မယ်ရှောင်ရွာအနီးတွင် ကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပြီး ကား နှင့် ယာဥ်မောင်းကို ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။

၎င်းယာဥ်မောင်းသည် ပကာရီဒေသခံဖြစ်ပြီး ထိုင်းနိုင်ငံသို့ သွားမည့်သူများကို ပို့ဆောင်ပေးသည့်ကားသမားဖြစ်ကြောင်း ကနဦးသိရပြီးအသေးစိတ်အချက်အလက်ကိုမူ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

“မိသားစုကတော့ အလောင်းမရသေးဘူး။ သေလား ရှင်လား မသိဖြစ်နေတယ်” ဟု လုပ်ဖော်ကိုင်ဖက် ယာဥ်မောင်းတစ်ဦးက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် များတွင်မူ PDF အလောင်းတစ်လောင်းနှင့် ကားတစ်စီး သိမ်းဆည်းရမိထားကြောင်း ဖော်ပြနေကြသည်။

ယင်းဖော်ပြချက်နှင့် ပတ်သက်၍ DGRF အဖွဲ့ထံသို့ မေးမြန်းရာ ပြန်ကြားရေးတာဝန်ရှိသူက “ကျွန်တော်တို့ဆီမှာ ကားလည်းမရှိဘူး။ အဖမ်းခံရတဲ့လူရော၊ ဒဏ်ရာရတဲ့သူရောမရှိဘူး။ ဒေသခံပြောပြတာသိရသလောက် ရှင်ဓာတ်ဝဲဘုရား ပစ်ခတ်မှုအပြီးမှာ ကားတစ်စီးပစ်ခံရတယ်လို့ ပြောတယ်” ဟုဖြေကြားသည်။

ပစ်ခတ်မှုဖြစ်စဥ်များအပြီး စစ်ကြောင်းထိုးရှာဖွေခြင်း မပြုလုပ်သော်လည်း မောင်မယ်ရှောင်ရွာပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ် အင်အားတိုးချထားကြောင်း ဒေသခံများထံက သိရသည်။