တောင်ပိုင်းတော်လှန်ရေး ဘာတွေလိုနေလဲ (၂)

0
1190

စစ်အာဏာရှင်ကို တော်လှန်ရေးခရီးကြမ်းမှာ ရက်ပေါင်း ၁၀၀၀ ကျော်လာပြီဖြစ်သည်။

မြန်မာနိုင်ငံအနှံ့တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အာဏာရှင်ကို တော်လှန်နေသည့် လက်နက်ကိုင် အဖွဲ့များလည်း ဒေသအလိုက်အများအပြား ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း လက်ရှိအချိန်တွင် တော်လှန်ရေးအဖွဲ့ပေါင်း ခြောက်ဆယ်ကျော်အထိ ရှိလာပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေကြသည်။

ယင်းသို့လက်နက်ကိုင်အဖွဲ့ များပြားသည်နှင့်အမျှ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေးမှာလည်း အရေးပါလှသည်။

သို့သော် တော်လှန်ရေး အချိန်ကြာလာသည်နှင့်အမျှ လက်နက်ကိုင် အဖွဲ့အချင်းချင်းကြား ပွတ်တိုက်မှုများ ဖြစ်လာသလို၊ အဖွဲ့အချို့နှင့် ပြည်သူများအကြားတွင်လည်း ပွတ်တိုက်မှုများ ရှိလာသည်။

အထွေထွေ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ပြည်သူလူထုမှာ တော်လှန်ရေးကာလ ကြာလာသည်နှင့်အမျှ စိုးရိမ်မှုများ၊ အားမလိုအားမရဖြစ်မှုများလည်း ဖြစ်ပေါ်လာနေသည်။

ယင်းအပြင် လူထုထောက်ပံ့မှု၊ ထောက်ခံမှု အားနည်းလာမည်ကို စိုးရိမ်ကြသူများရှိသလို ပြည်သူ့အပေါ် ထိခိုက်မှုပိုများလာမည့် အပေါ်တွင်လည်း ရတက်မအေးကြသူများလည်း ရှိနေသည်။

ယင်းကြောင့် တနင်္သာရီ တော်လှန်ရေးအရွေ့တွင် စုစည်းမှုအားကောင်းကောင်းဖြစ်လာစေရန် မည်သည့်အချက်များက အဟန့်အတားဖြစ်နေသနည်း ဆိုသည်ကို ရှာဖွေကြရန် သင့်ပြီဟု တော်လှန်ရေးတွင် ပါဝင်နေသူများက သုံးသပ်လာကြသည်။

ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ယင်းအခြေအနေများကို အတိုင်းအတာတစ်ရပ်အထိ ထင်ဟပ်ဖော်ပြနိုင်စေရန်အတွက် တော်လှန်ရေးအစုအဖွဲ့အသီးသီးတွင် ကျရာတာဝန် ထမ်းဆောင်နေသည့် လူငယ်များကို မေးမြန်းဖော်ပြလိုက်ပါသည်။

တနင်္သာရီပုံရိပ်အစီအစဉ် (၂)တွင် အဝေးရောက်သွေးချင်းများကွန်ယက်(ထောက်ပို့အဖွဲ့ပေါင်း ၃၀ ဖြင့် ဖွဲ့စည်းထားသည့် ကွန်ရက်ဖြစ်သည်)တာဝန်ရှိသူနှင့် ကံပေါက်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့မှ တော်လှန်ရေးစစ်သမီး Kino တို့ကိုမေးမြန်းထားပါသည်။

အခြားအစုအဖွဲ့များနှင့် မေးမြန်းထားမှုများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

“လက်ရှိအခြေအနေအရ စစ်ရေးနဲ့ နိုင်ငံရေး ဟန်ချက်ညီညီ သွားနိုင်မှ သာလျှင် ပိုပြီးထိရောက်မယ့် အရွေ့တစ်ခုကို ရောက်နိုင်မယ်လို့ မြင်ပါတယ်”

ကိုဒင်ဒင်

အဝေးရောက်သွေးချင်းများကွန်ယက် တာဝန်ရှိသူ (ထောက်ပို့အဖွဲ့ပေါင်း ၃၀ ဖြင့် ကွန်ယက်ဖွဲ့စည်းထားသည်)

DW ။ တနင်္သာရီတိုင်းထဲမှာရှိတဲ့ တော်လှန်ရေးတပ်တွေ အချင်းချင်း မညီညွတ်ဘူးလို့ ဝေဖန်မှုတွေ ရှိနေတယ်။ မြေပြင်မှာ အကိုတို့ ဘယ်လိုတွေ့ရလဲ။

ဖြေ ။ တော်လှန်ရေးတပ်တွေ မညီညွတ်ဘူးဆိုတာ အာဏာသိမ်းမှုတစ်နှစ်ကျော်ကတည်းက ကျွန်တော်တို့ မြေပြင်မှာ ပိုပြီးသိသာလာတယ်။ အချင်းချင်း အပြန်အလှန် ဆွေးနွေးမှု အားနည်းလာတယ်။ နယ်မြေစိုးမိုးမှုအတွက် အစုအဖွဲ့ တွေပိုပြီး အုပ်စုကွဲလာတယ်လို့ မြင်ပါတယ်။ တချို့အဖွဲ့တွေကလည်း ပူးပေါင်းပါဝင်မှုအားနည်းတာတွေရှိတယ်။ တချို့ သောအဖွဲ့တွေက ပူးပေါင်းစစ်ကြောင်းအဖြစ်ဖော်ဆောင်လာတာမြင်တွေ့လာရပါတယ်။

DW ။ အခုအကိုတို့ အဓိကထောက်ပို့လုပ်နေတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ပူးပေါင်းလုပ်ကိုင်နိုင်မှု အပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ ။ ကျွန်တော်တို့ အဝေးရောက်သွေးချင်းများကွန်ရက်အဖွဲ့က တနင်္သာရီတိုင်းထဲရှိ စစ်အာဏာရှင် တော်လှန်နေတဲ့ မည်သည့်အဖွဲ့အစည်းမဆို ထောက်ပို့နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကျွန်တော်တို့ထောက်ပို့လုပ်နေတဲ့ တော်လှန်ရေး အုပ်စုတွေထဲမှာ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဖွဲ့ တွေရှိသလို မပူးပေါင်းသေးတဲ့အဖွဲ့တွေလည်း တွေ့ရပါတယ်။ ကွန်ရက်အနေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဖွဲ့တွေကို ပိုမိုလုပ်ဆောင်နိုင်အောင် ကူညီထောက်ပံ့ပေးနေသလို မပူးပေါင်းသေးတဲ့ အဖွဲ့တွေကိုလည်း ပူးပေါင်းလုပ်ဆောင်နိုင်အောင် တိုက်တွန်းနှိုးဆော်ပေးနေပါတယ်။ ကျွန်တော်တို့ ပြည်သူ့ထောက်ပို့ တစ်ယောက်အနေနဲ့ အားလုံးပူးပေါင်းလုပ်ဆောင်နေနိုင်မှသာ တော်လှန်ရေး အဆုံးအသတ်တစ်ခု ရမယ်လို့ ထင်မိပါတယ်။

DW ။ ပူးပေါင်းလုပ်ဆောင်မှု အားနည်းတဲ့အတွက် တော်လှန်ရေးအရွေ့အပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ။

ဖြေ ။ ပူးပေါင်းလုပ်ဆောင်မှု အားနည်းရင် တော်လှန်ရေး အချိန်ပိုကြန့်ကြာလာမယ်။ ပြည်သူတွေအဖက်ဖက်က ထိခိုက်နစ်နာမှု ဆုံးရှုံးမှု ပိုမိုများလာနိုင်မယ်။အရပ်စကားနဲ့ ပြောရရင် နွားကွဲ ရင် ကျားဆွဲမယ်။

DW ။ တနင်္သာရီတိုင်းမှာ နိုင်ငံရေးဦးဆောင်မှုကဏ္ဍ ပျောက်နေတယ်လို့ပြောကြတယ်။ အဲဒီအပေါ် ဘယ်လိုမြင်လဲ။ ဘာတွေဖြစ်နေကြတာလဲ။

ဖြေ ။ ကျွန်တော်တို့သိရသလောက် တနင်္သာရီတိုင်းထဲမှာ နိုင်ငံရေးဦးဆောင်အဖွဲ့ တွေ ဖွဲ့စည်းနေတယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေအရ စစ်ရေးနဲ့ နိုင်ငံရေး ဟန်ချက်ညီညီ သွားနိုင်မှ သာလျှင် ပိုပြီးထိရောက်မယ့် အရွေ့တစ်ခုကို ရောက်နိုင်မယ်လို့ မြင်ပါတယ်။ ပြည်သူထောက်ပို့တစ်ယောက်အနေနဲ့ ဦးဆောင်မှုအစုအဖွဲ့တွေ လုပ်ငန်းအကောင် အထည်ဖော်လုပ်ဆောင်မှု အမြန်လုပ်ဆောင်နိုင်ဖို့ လိုတယ်လို့ မြင်ပါတယ်။အချိန်ကြာလာတာနဲ့အမျှ တော်လှန်ရေးနဲ့ ပြည်သူတွေအကြား ထိခိုက်နစ်နာမှု ပိုများလာမယ်လို့ ထင်မြင်မိပါတယ်။

DW ။ တော်လှန်ရေးတပ်တွေ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ဖို့ဆိုရင် ဘယ်လိုအချက်တွေက အဟန့်အတားဖြစ်နေတယ်လို့ မြင်လဲ။

ဖြေ ။ တော်လှန်ရေးတပ်တွေ အချင်းချင်း စည်းလုံးညီညွတ်မှု မရှိတာ၊ ပူးပေါင်းပါဝင်မှု အားနည်းတာတွေက စစ်အာဏာရှင် အမြစ်ပြုတ်ရေးအတွက် အကြီးမားဆုံး အဟန့်အတား တစ်ခုဖြစ်တယ်လို့ မြင်ပါတယ်။

DW ။ တော်လှန်ရေးအဖွဲ့အချင်းချင်း မပေါင်းနိုင်သေးတဲ့ အဓိက အဟန့်အတားက ဘယ်အချက်ဖြစ်နေတယ်လို့ သုံးသပ်မိလဲ။

ဖြေ ။ အပြန်အလှန် ဆွေးနွေးအဖြေရှာမှု အားနည်းတယ်လို့ ထင်တယ်။ သံသယတွေနဲ့ အလုပ်လုပ်နေတယ်လို့ ထင်ပါတယ်

DW ။ ဒီအချက်တွေ ဖြေရှင်းဖို့ဆိုရင် အရေးတကြီး ချက်ချင်းလုပ်သင့်တဲ့ အချက်က ဘာဖြစ်မလဲ။

ဖြေ ။ ဒီလိုအဟန့်အတားတွေကို ဖြေရှင်းနိုင်ဖို့ မြေပြင်တော်လှန်ရေးလုပ်ဆောင်နေတဲ့အဖွဲ့ အချင်းချင်း အပြန်အလှန်ဆွေးနွေးညှိနှိုင်းအဖြေရှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုမယ်။ အပြန်အလှန် နားလည်ပေးနိုင်ဖို့ လိုအပ်တယ်။ ကဏ္ဏအသီးသီးမှာ တာဝန်ယူပေးနိုင်မယ့် မျိုးဆက်သစ်လူငယ်တွေကို လက်ဆင့်ကမ်း တာဝန်တွေ ခွဲဝေပေးဖို့လိုမယ်။ ကျွန်တော်တို့ပြည်သူထောက်ပို့အနေနဲ့ ထောက်ပို့တွေ အချင်းချင်းလဲ ညီညွတ်မှု အားကောင်ဖို့လိုအပ်မယ်လို့ ထင်မြင်မိပါတယ်။

“လက်ရှိနွေဦးတော်လှန်ရေးမှာ တနင်္သာရီပြည်နယ်တစ်ခုလုံးရဲ့ တော်လှန်ရေးကာလ၊ ကြားကာလ အစီအမံတွေကို အကောင်းဆုံး စီမံဆောင်ရွယ်နိုင်မယ့် နိုင်ငံရေးစုဖွဲ့မှုမျိုး အမြန်ဆုံးပေါ်ပေါက်လာဖို့ မျှော်လင့်မိပါတယ်”

တော်လှန်ရေးစစ်သမီး Kino

ကံပေါက်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (KBDF)

DW ။ လက်ရှိတနင်္သာရီတိုင်းရဲ့အနေအထားအရ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြား စုစုစည်းစည်း ဖြစ်နေကြပြီလား။ ဒါမှမဟုတ် ကွဲနေကြဆဲလား။ ဘယ်လိုအနေအထားရှိလဲ။

ဖြေ ။ လက်ရှိအနေအထားအရ ကွဲပြားနေတာလည်းရှိသလို စုစည်းတည်ဆောက်ပြီး ပိုမိုအားကောင်းလာတဲ့ အဖွဲ့တွေလည်း များစွာရှိတယ်လို့သိရတယ်။

DW ။ တော်လှန်ရေးတပ်တွေ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ဖို့အတွက် ဘယ်လိုအချက်တွေက အဟန့်အတားဖြစ်နေတာလဲ။

ဖြေ ။ နယ်မြေစိုးမိုးမှုတစ်ခုတည်းအတွက် အချင်းချင်းမညီမညွတ်ဖြစ်နေတဲ့ အဖွဲ့အစည်းတွေ၊ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်တွေကြောင့် တိုက်ခိုက်နေတာတွေ၊ COCကောင်းကောင်းမတည်ဆောက်နိုင်ဘဲ ဖရိုဖရဲဖြစ်နေ တာတွေက အဟန့်အတားများစွာ ဖြစ်ပါတယ်ရှင့်။ ဒီအချက်လေးတွေက ညီမ ပြောချင်တဲ့အကျဉ်းချုပ်လေးတွေပါရှင့်။

DW ။ လက်ရှိသွားနေတဲ့ တော်လှန်ရေးရေချိန်က တနင်္သာရီတိုင်းမှာ ဘယ်အခြေအနေ ဘယ်အဆင့်ကို ရောက်နေတယ်လို့ သုံးသပ်မိလဲ။

ဖြေ ။ တနင်္သာရီရဲ့ လက်ရှိတော်လှန်ရေးရေချိန်က ဒီထက်ပိုမိုအားကောင်းလာဖို့လို ဦးမယ်လို့မြင်မိပါတယ်။ နိုင်ငံရေးမှာလည်း စစ်မှန်တဲ့စုစည်းမှုနဲ့ စုပေါင်းခေါင်းဆောင်မှု ကောင်းကောင်းရှိဖို့ လိုအပ်သလို စစ်ရေးမှာလည်း COC (Chain of Command) ကို စနစ်တကျနဲ့ ကောင်းမွန်စွာတည်ဆောက်ဖို့ လိုအပ်နေသေးတယ်လို့ သုံးသပ်မိပါတယ်။

DW ။ တော်လှန်ရေးအောင်မြင်ဖို့အတွက် အဓိက အရေးကြီးတဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ ပျောက်နေတယ်လို့ ပြောဆိုကြတာရှိတယ်။ အဲဒါအမှန်ပဲလား။ ဒီအချက်ကလည်း အရမ်းအရေးကြီးတယ်ဆိုတော့ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ၊ ဘယ်လိုအကြံပြုချင်လဲ။

ဖြေ ။ တော်လှန်ရေးမှာ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍက အများကြီးအရေးပါ ပါတယ်။ နိုင်ငံရေး ဦးဆောင်မှုဆိုတဲ့ နေရာမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေလို ဥပဒေအကြောင်းအရ တရားဝင်မှု DEJURE (ဥပဒေအရ ဖြစ်တည်သောအာဏာ) ရှိသူတွေရယ်၊ လက်ရှိမြေပြင်မှာ အာဏာရှိတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း DE FACTO (လက်တွေ့ မြေပြင်မှာတည်ရှိနေသော အာဏာ) တွေအပြင် တခြား ပါဝင်သင့်ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေပါဝင်တဲ့ ကြားကာလ အာဏာပိုင်အဖွဲ့အစည်းမျိုး ပေါ်ပေါက်လာဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်မအနေနဲ့ ထင်မြင်မိပါတယ်။

ပေါ်ပေါက်လာတဲ့ အဲဒီအဖွဲ့အစည်း တနည်းအားဖြင့် ပြည်နယ်အတိုင်ပင်ခံ ကောင်စီလိုမျိုး အဖွဲ့အစည်းကနေပြီး ကြားကာလ စစ်ရေး၊အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို ဦးဆောင် စီမံနိုင်မှ ကျွန်မတို့သွားနေတဲ့ တော်လှန်ရေးပန်းတိုင်ဟာ ပိုပြီး စနစ်တကျနဲ့ ထိရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

နိုင်ငံရေးစုဖွဲ့မှုကို ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် စစ်ရေးစစ်ရာမှာလည်း ပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ COC မျိုးတည်ဆောက်နိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါကြောင့် လက်ရှိနွေဦးတော်လှန်ရေးမှာ တနင်္သာရီပြည်နယ်တစ်ခုလုံးရဲ့ တော်လှန်ရေးကာလ၊ ကြားကာလ အစီအမံတွေကို အကောင်းဆုံး စီမံဆောင်ရွယ်နိုင်မယ့် နိုင်ငံရေးစုဖွဲ့မှုမျိုး အမြန်ဆုံးပေါ်ပေါက်လာဖို့ မျှော်လင့်မိပါတယ်။

တောင်ပိုင်းတော်လှန်ရေး ဘာတွေလိုနေလဲ (၃) ကို ဆက်လက်ဖတ်ရှုရန် >