တနင်္သာရီတွင် တိုက်ပွဲပြင်းထန်ပြီး ရွာသားများ ထွက်ပြေးနေရ

0
840

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စုတွင် တိုက်ပွဲပြင်းထန်ပြီး ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၆ နေ့လယ်ပိုင်းက သကျက်ကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ည ၇နာရီအထိ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။

“တိုက်ပွဲက ဒီတစ်ခါတော်တော်ကြာတယ်။ ပစ်လိုက်နားလိုက်နဲ့ မိုးချုပ်တဲ့အထိပဲ။ (စစ်ကောင်စီ) သူတို့ဘက်က ထမ်းထုတ်နေတာလည်း အများကြီးတွေ့သလို PDF ဘက်ကလည်း နှစ်ယောက် လက်မောင်းနဲ့ ဗိုက် ရှပ်ထိတယ်။ မစိုးရိမ်ရပါဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း ညောင်ပင်ကွင်းအခြေစိုက် (၅၆၁) တပ်ရင်းက လက်နက်ကြီးများ ပစ်ကူပေးသည့်အတွက် အနီးအနားရှိ သကျက်ကျေးရွာနှင့် ကဏန်းကွင်းကျေးရွာနေ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောဆိုသည်။

“သူတို့ (စစ်ကောင်စီ) တပ်က ပုံမှန်ရိက္ခာပို့နေတဲ့လမ်းကြောင်း ဖြတ်တိုက်ခံရတယ်။ နှစ်ဖက်ထိခိုက်တာကြားရတယ်။ ကော်သူးလေက တစ်ယောက်ထိတယ်။ မစိုးရိမ်ရဘူးလို့ သိရတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၇ရက် နံနက်တွင် နှစ်ဖက်ပစ်ခတ်မှုများ ရပ်နေကြသော်လည်း တိုက်ပွဲဆက်ဖြစ်လာမည့် အနေအထားကြောင့် အနီးအနားရှိ ဘန်လောကျေးရွာနေ ဒေသခံများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရန် ပြည်သူ့ကာကွယ်ရေးတပ်များက ပြောဆိုထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီမနက်ပြောင်းတဲ့သူတွေ ပြောင်းနေကုန်ပြီ။ မပြောင်းသေးသူလည်း ရှိနေသေးတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာရှိ တပ်ရင်းအား လူချိန်းခြင်း၊ ရိက္ခာပို့ခြင်းများ လုပ်ဆောင်ရန် အဆိုပါလမ်းကြောင်းကို အသုံးပြုလေ့ရှိပြီး ယခင်ကလည်းမကြာခဏ တိုက်ခိုက်ခံရဖူးကြောင်း ဒေသခံတို့ထံမှ သိရသည်။