မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားများကို ထိုင်းဗီဇာကြေးလျှော့ပေး

0
721
ပုံစာ - ယခုနှစ် မေလ၌ မဟာချိုင် CI စခန်းတွင် စာအုပ်ပြုလုပ်နေသော မြန်မာအလုပ်သမားများ

ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်နေသော မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဗီဇာကြေးနှုန်းထားကို ဘတ် ၁၅၀၀ လျှော့ပေးလိုက်ကြောင်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာနက ထုတ်ပြန်သည်။

ဗီဇာလျှောက်ထားခကို ဘတ် ၂၀၀၀ ကောက်ခံရာမှ နိုဝင်ဘာလ ၁၁ရက်နေ့မှစတင်ကာ ဘတ် ၅၀၀ သာ ကောက်ခံ တော့မည်ဖြစ်ပြီး ဗီဇာသက်တမ်းတိုးခကိုလည်း ဘတ် ၁၉၀၀ ကောက်ခံရာမှ ၅၀၀ သာ ကောက်ခံတော့မည်ဟု ဆိုသည်။

ဗီဇာသက်တမ်းမှာ ၂နှစ်ရရှိမည်ဖြစ်သည်။

ယင်းသို့လျှော့ချမည်ကို အောက်တိုဘာလ ၂၇ ရက်နေ့က ထိုင်းတော်ဝင်ပြန်တမ်း ထုတ်ပြန်ခဲ့ပြီး လာမည့် နိုဝင်ဘာ ၁၁ ရက်နေ့မှစ၍ လေးနှစ်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း အလုပ်အကိုင်ခန့်ထားရေးဌာန ညွှန်ကြားရေးမှူး Somchai Morakotsriwan က ပြောသည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် လျှော့ချပေးခြင်း ဖြစ်ကြောင်း ဆိုသည်။

ယခုဖြေလျှော့ရာတွင် တရားဝင် MoU စနစ်ဖြင့် ဝင်ရောက်လာသူများနှင့် ယာယီနေထိုင်အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်ကတ်) ကိုင်ဆောင်ထားသူများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားအားလုံး ပါဝင်ကြောင်း ဖော်ပြထားသည်။

ဗီဇာကြေးလျှော့ချပေးမှုသည် အလုပ်သမားများအတွက် ကုန်ကျစရိတ် သက်သာလာစေရန်၊ တရားဝင် အလုပ်ခန့် ထားနိုင်ရန်နှင့် ထိုင်းနိုင်ငံ စီးပွားရေးအတွက် ပြန်လည်ကောင်းမွန်လာရန် ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း Somchai Morakotsriwan က ဆိုသည်။

ထိုင်းအစိုးရက ဗီဇာကြေးများကို တရားဝင် လျှော့ချပေးသော်လည်း လက်တွေ့တွင် ပြင်ပပွဲစားများ၏ ပေါက်ဈေးများ သည် ဈေးနှုန်းကျဆင်းလာခြင်း မရှိနေသေးကြောင်း ဘန်ကောက်ရှိ မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

“အစိုးရက ဈေးမလျှော့ပေးတုန်းကလည်း ဒီဈေး (ပြင်ပ) ။ လျှော့ချပေးလည်း ဒီဈေးပဲ။ ဟိုနေ့ကပဲ ငွေအကုန် ပေးလိုက်တာ။ ပွဲစားဈေးတွေက ဘာမှ မပြောင်းသွားဘူး။ ကိုယ်တိုင်လုပ်ဖို့က နားမလည်တာရော စာရွက်စာတမ်း တွေရော မပြင်ဆင်တတ်တော့ သူတို့ကိုပဲ အပ်ရတာ။ လက်တွေ့ (ပွဲစား) ဈေးနှုန်းလေးလည်း လျော့ကျလာဖို့ မျှော်လင့်တယ်” ဟု ၎င်းက ဆိုသည်။

ပွဲစားဖြင့် လုပ်လျှင် ဗီဇာသက်တမ်းတိုးခသည် ဘတ် ၃၀၀၀ မှ ၄၀၀၀ ဝန်းကျင်ရှိနေကြောင်း အလုပ်သမားများထံမှ သိရသည်။

၂၀၂၃ ခုနှစ် မတ်လအထိ ထိုင်းနိုင်ငံတွင် တရားဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားဦးရေသည် နှစ်သန်းနီးပါး (၁,၉၈၁,၇၃၉ ဦး) ရှိပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ နေထိုင်ခွင့် မှတ်ပုံတင်ထားသော လေးနိုင်ငံမှ အလုပ်သမား တစ်သန်းကျော်ရှိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: Bangkok Post, The Thaiger