မော်လမြိုင်တွင် CDM သားဖွားဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

0
773

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် CDM သားဖွားဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အမှုဖွင့်ကြောင်း ဖမ်းဆီးခံရသူတိုနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး အသတ်ခံရမှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည် ဟုဆိုကာ CDM သားဖွားဆရာမ ဒေါ်ခင်ခင်ဝေကို စစ်ကောင်စီက နိုဝင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

မော်လမြိုင်တွင် နေထိုင်သည့် သားဖွားဆရာမ ဒေါ်ခင်ခင်ဝေသည် ကျိုက်မရောမြို့နယ်၊ ဘာဘူကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့သူကြောင်း ၎င်းတို့ထံမှ သိရသည်။

အလားတူ မော်လမြိုင်မြို့ရှိ ဝန်ကြီးများအိမ်ရာရှေ့တွင် ပြုလုပ်ထားသည့် လုံခြုံရေးအကာအကွယ်အတားအဆီးကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့သည့် မော်လမြိုင်မြို့နယ်၊ ခြောက်မိုင်ကျေးရွာနေ အသက် ၂၉ နှစ်အရွယ် ကိုကိုထွဋ်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ယင်းနောက် ကိုကိုထွဋ်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ဇေယျာသီရိနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ၎င်းတို့ထံမှ သိရသည်။

“ဒီရက်ပိုင်းမှာ ဖမ်းခံရတာ ၂ ဦးရှိသွားပြီ။ အဓိကက သူတို့ (စစ်ကောင်စီ) ကို မထောက်ခံတဲ့ အရေးအသားတွေ facebook မှာ ရေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတာပေါ့။ ဖမ်းပြီးတာနဲ့ ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့ကြိုက်တဲ့ ပုဒ်မတပ်ပြီး အမှုဖွင့်တာ။ ဒါက သူတို့ လုပ်နေကျပါ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ကိုကိုထွဋ်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားသဖြင့် ဖမ်းဆီးခဲ့သည်ဟု နိုဝင်ဘာလ ၆ ရက်နေ့ထုတ် စစ်ကောင်စီ အာဘော် သတင်းစာတွင် ဖော်ပြသည်။

စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်သည့် စာများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသား ဖြန့်ဝေသည့်ဆိုသည့် စွပ်စွဲချက်ဖြင့် မွန်ပြည်နယ်တွင် ပြည်သူများကို ဖမ်းဆီးပြစ်ဒဏ်ချမှု ဆက်တိုက်ရှိနေသည်။

ဖမ်းဆီးခံရသူများကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်အရေးယူထားသူများရှိသလို အချို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားသည်။

ယခု နိုဝင်ဘာလတွင် လူမှုကွန်ရက်စာမျက်နှာပေါ် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန် ရေးသားဖြန့်ဝေခဲ့သည်ဟု စွပ်စွဲခံရကာ ပုဒ်မ ၅၀၅ ဖြင့် ဒေသခံလေးဦးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၂ နှစ်စီ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် ဒေသခံ နှစ်ဦးကို ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်ခဲ့သည်။

သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Data for Myanmar ၏ ထုတ်ပြန်ထားချက်အရ ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၃ စက်တင်ဘာလကုန်အထိ လူမှုကွန်ရက်ပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေး ရေးသားမှုနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် မွန်ပြည်နယ်တွင် ဖမ်းခံရသူ ၆၁ ဦး ရှိကြောင်း ဖော်ပြသည်။