တော်လှန်ရေးရဲ့ အဓိကတာဝန်ဟာ ပညာတတ်ဖို့

0
1629

အသိဉာဏ်ပညာသည်သာလျှင် ဦးဆောင်မှုကောင်းကို ပေးနိုင်သလို ရလဒ်ကောင်းတွေကို သယ်ဆောင်လာနိုင်ပါတယ်။ ကျူးဘားတော်လှန်ရေးသမား ဒေါက်တာချေဂွေဗားရားကပြောတယ် ‘The first duty of a revolutionary is to be educated’ တော်လှန်ရေးရဲ့ အဓိကတာဝန်ဟာ ပညာတတ်ဖို့လိုတယ်တဲ့။ ဒါက တော်လှန်ကာလအတွင်းမှာ တော်တော်လေးလွှမ်းမိုးမှုရှိတဲ့ အဆိုအမိန့်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဆိုတော့ ပညာတတ်ဖို့ဆိုတာ ဘယ်လိုပညာမျိုးကို လိုဆိုတာလည်း မေးစရာရှိတယ်။ Education လို့ခေါ်တဲ့ စနစ်တကျ သင်ကြားသင်ယူမှုကို စနစ်တကျခံယူရာကနေတက်မြောက်လာတဲ့ အသိပညာအတတ်ပညာကိုပြောတာလား၊ ဒါမှမဟုတ် Knowledge လို့ခေါ်တဲ့ အသိဉာဏ်ပညာကို ပြောတာလား။

ပညာရေး နဲ့ အသိဉာဏ်ပညာဆိုတာ သီးသီးသန့်သန့်စီ ကွဲကွဲပြားပြားရှိနေတာမျိုးတော့ မဟုတ်ဘူး။ အသိဉာဏ်ပညာဆိုတဲ့ အဝန်းအဝိုင်းထဲမှာပဲ ရှိနေတာပါ။

တော်လှန်ရေးဂုဏ်သိက္ခာနဲ့ ကြီးမြတ်မှုကို စောင့်ထိန်းဖို့ဆိုရင် တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ လူသားချင်းစာနာထောက်ထားမှုတွေကို လက်တွေ့ကျင့်သုံးကြဖို့ အသိဉာဏ်ပညာရှိဖို့လိုတယ်။ လူတိုင်း အသိဉာဏ်ပညာရှိမှာတော့မဟုတ်ဘူး။ သို့သော် ခေါင်းဆောင်လုပ်သူတွေမှာတော့ အနည်းဆုံးတော့ မျှတတဲ့အခြေခံ အယူအဆတွေရှိနေရမယ်။

တော်လှန်ရေးဆိုတာ Revenge လို့ခေါ်တဲ့ လက်စားချေတာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဒါကို သိနေရုံနဲ့လည်း မလုံလောက်ဘူး။ နှလုံးသားကနေ စစ်စစ်မှန်မှန်ခံစားတတ်ဖို့ အရေးကြီးတယ်။ ကျနော်တို့ဟာ တော်လှန်ရေးရဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာကြောင့်ပဲ အရာရာရင်ဆိုင်ကျော်ဖြတ်ကြဖို့ အသင့်ဖြစ်နေကြတယ်။

ဂုဏ်သိက္ခာဆိုတာက အမြင့်ဆုံးနေရာသို့ရောက်အောင် တရားသဖြင့် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းကိုပြောတာပါ။ တော်လှန်ရေးကာလမို့ တော်လှန်ရေးဘက်ခြမ်းက ရဲဘော်တွေမို့ မှားမှားယွင်းယွင်းဖြစ်ခဲ့တာတွေကို နားလည်ပေးရမယ်လို့ ယူဆကြရင် ဒါဟာ အင်မတန်တာဝန်ကင်းမဲ့ပြီး နိမ့်ပါးတဲ့အယူအဆပဲ ဖြစ်ပါလိမ့်မယ်။

ကျနော်တို့ဟာ မတရားသဖြင့် တဖက်သတ်စွပ်စွဲချက်တွေနဲ့ လူသတ်အလောင်းဖျောက်တဲ့အစိတ်အပိုင်းတွေကိုတောင် ဒီအတိုင်းတိတ်တိတ်ဆိတ်ဆိတ်ကြည့်နေကြရတယ်။ ဒီလိုဆိုရင် ကျနော်တို့ပြောနေတဲ့ တရားမျှတမှု တန်းတူညီမျှမှုတွေဆိုတာ ဘယ်များရောက်သွားလဲ။ ဘာလက်နက်မှမရှိတဲ့ အရပ်သားတွေကို သေနတ်ပြောင်းထဲက ထွက်လာကျည်ဆံနဲ့ ပစ်ခတ်သတ်ဖြတ်တာကို ဘယ်ဘုရားကိုမေးမေး တရားတယ်လို့ ဖြေမှာမဟုတ်ဘူး။

ဂရိအတွေးအခေါ်ပညာရှင် ဆော့ခရေတ္တိက ‘Virtue is Knowledge’ ကောင်းခြင်းလက္ခဏာဆိုတာ အသိဉာဏ်ပညာကနေလာတယ်တဲ့။ အသိဉာဏ်ပညာမရှိရင် တရားမျှတတဲ့ ကောင်းခြင်းလက္ခဏာဆိုတာလည်း မရှိနိုင်ဘူးလို့ ဆိုလိုတာပေါ့။ ဒီအယူအဆဟာ လက်တွေ့ကျတယ်၊ မှန်ကန်တဲ့အခြေခံအတွေးအခေါ်တရပ် ဖြစ်တယ်ဆိုတာကို ဒီနေ့ ကျနော်တို့ပတ်ဝန်းကျင်မှာ နေ့တဓူဝဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက မီးမောင်းထိုးပြနေတာပါ။

အသိဉာဏ်ပညာရှိတဲ့ ခေါင်းဆောင်တွေရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်က တပ်ဖွဲ့တွေနဲ့ အသိဉာဏ်ပညာမရှိဘဲ သတ်ရဲဖြတ်ရဲရုံနဲ့ လက်နက်ကိုင် ဗိုလ်ကျနေတဲ့ ခေါင်းဆောင်မှုအောက်က တပ်ဖွဲ့တွေဟာ ခံယူမှုနဲ့ ယုံကြည်မှုတန်ဖိုးတွေ ကွဲပြားခြားနားလွန်းပါတယ်။

တော်လှန်ရေးရာသီကို ကျော်ဖြတ်ရတဲ့အခါ အထူးသဖြင့် စစ်ပွဲတစ်ပွဲနဲ့ ရင်ဆိုင်လာကြရတဲ့အခါ အပြစ်မဲ့အရပ်သားပြည်သူတွေအနေနဲ့ ပြင်းထန်တဲ့ အထွေထွေအကျပ်အတည်းပေါင်းစုံကို ရင်စည်းခံကြရတာပါပဲ။ အဲဒီထဲမှာ အခြေခံကျဆုံးသော အကျပ်အတည်းတွေကတော့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး နဲ့ လူမှုရေးအကျပ်တည်းတွေလို့ ဆိုရမယ်။

တော်လှန်ရေးတရပ် ရေရှည်ဆင်နွှဲဖို့ လိုအပ်ခဲ့ရင် ဒါမှမဟုတ် တိုင်းပြည်ရဲ့အနာဂတ်ကို လှမ်းကြည့်ခဲ့ရင် ပညာရေးက အခြေခံကျဆုံး လက်နက်ဖြစ်တယ်။

ကနေ့ကျနော်တို့ ဆင်နွှဲနေရတဲ့ တော်လှန်ရေးဆိုတာ မနက်ဖြန် သို့မဟုတ် သန်ဘက်ခါ ပြီးဆုံးသွားမယ့် ရုန်းကန်လှုပ်ရှားမှုမျိုး မဟုတ်နေဘူး။ နောက်ပြီး တော်လှန်ရေးအပေါ်ထပ်အဆောက်အဦက ဝန်ကြီးတွေပြောသလို ဒီနှစ်ကုန် အဆုံးသတ်နိုင်ဖို့ဆိုတာလည်း စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ စစ်ပွဲဆိုတာမျိုးဟာ ဘောလုံးပွဲလို အချိန်အကန့်အသတ် လူအကန့်အသတ်နဲ့ ခံစစ်တိုက်စစ်ဆင် ကစားနေလို့ ရတာမျိုးလည်းမဟုတ်။

အချိန်ကြာလာတာနဲ့မျှ တော်လှန်ရေးကို ဆင်နွှဲနေကြတဲ့ အတိုက်အခံတွေဘက်က လူသစ်သွေးသစ်တွေနဲ့ အစားထိုးဝင်ရောက်လာတာမျိုး ရှိသလို တစ်ဘက်က အာဏာရှင်တွေမှာလည်း အနည်းစုဆိုရင်တောင် စိမ့်ဝင်လာမယ့် အသိုင်းအဝိုင်းတွေရှိနေတယ်။ ပြီးတော့ ဓနအင်အား နည်းပညာ လက်နက်ခဲယမ်း ဝါဒဖြန့်ချိရေး စတဲ့ စစ်ပွဲရဲ့အခြေခံလိုအပ်ချက်တွေ ဖြည့်တင်းနေနိုင်သေးတယ်။

ကနေ့ အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း မရှိတော့သလို စောဘဦးကြီးလည်း မရှိတော့ဘူး။ ဒါပေမယ့် စစ်မီးက အရှိန်အဟုန်ကောင်းကောင်းနဲ့ တောက်လောင်နေဆဲပဲဆိုတာ မြင်ကြည့်သင့်တယ်။ ဆိုလိုတာက တော်လှန်ရေးဆိုတာ ခက်ခဲတယ် ကြမ်းတမ်းတယ် အချိန်ယူရတယ် စိတ်ရှည်ကြရတယ်။

အဲဒီတော့ ရေရှည်အတွက် ကြိုတင်ပြင်ဆင်မှုတွေရှိရတယ်၊ မဟာဗျူဟာ နည်းဗျူဟာ ကောင်းကောင်းရှိနေရှိဖို့လည်း အရေးကြီးတယ်။ စာရွက်တွေပေါ်မှာချည်း စနစ်တကျရှိနေရုံနဲ့လည်း မလုံလောက်ဘူး။ အစိတ်အပိုင်းတွေအားလုံးမှာ လက်တွေ့ကျင့်သုံးနိုင်ဖို့က ပိုပြီးအဓိကကျတာပါ။

အဲဒီထဲမှာ ပညာရေးကဏ္ဍက ပိုပြီးတောင် စနစ်ကျတဲ့ အစီအမံတွေချထားဖို့ လိုမယ်ထင်တယ်။ တော်လှန်ရေးကာလ ကြားကာလမို့ လက်လှမ်းမှီသလောက်လေးနဲ့ ရေးတတ်ဖတ်တတ်ဖြစ်ဖို့အတွက်ပဲဆိုတာလောက် တွေးနေရင်တော့ အင်မတန်ဆိုးရွားတဲ့ အမြော်အမြင်နည်းခြင်းလို့ ပြောရမှာပဲ။ ကျနော်ဆိုလိုတာက တော်လှန်ရေးကာလရဲ့ ပညာရေးကို တော်လှန်ရေးအတွက်ရော တိုင်းပြည်တည်ဆောက်ရေးအတွက်ပါ အလေးပေးစဉ်းစားပြီး ဆောင်ရွက်ဖို့လိုတယ်ဆိုတာပါ။

ကနေ့ ဆယ်ကျော်သက် ကလေးတွေ လူငယ်တွေ ပညာကောင်းကောင်းသင်နိုင်တဲ့ အခြေအနေမရှိဘဲ နောက် ၁၀ နှစ်ခရီးကို ယျထာဘူတကျကျ ကျော်ကြည့်ကြပါ။ တော်လှန်ရေးရဲ့ ကြီးမားတဲ့တာဝန်ကို သူတို့တတွေ ဘယ်လိုထမ်းရွက်ကြမလဲ၊ ပညာမတတ်ကြရင် ဘယ်လိုလုပ်ပြီး တရားမျှတတဲ့ ကောင်းခြင်းလက္ခဏာအတွက် ဘယ်လိုဦးဆောင်ဦးရွက်ပြုကြမလဲ။

ကနေ့ကျနော်တို့ပတ်ဝန်းကျင်က နေ့စဉ်ဘဝတွေမှာ အထင်းသားမြင်တွေ့နေရတဲ့ မတရားမှုတွေ မညီမျှမှုတွေကို ဖယ်ရှားသန့်စင်ဖို့ဆိုရင် ဉာဏ်ပညာသည်က ကြီးမားကျယ်ပြန့်တဲ့ လိုအပ်ချက်ဖြစ်တယ်။ အကြမ်းဖက်စစ်ကောင်စီဘက်က အပြစ်မဲ့အရပ်သားပြည်သူတွေကို စစ်ရေးအရ ပစ်မှတ်ထားတိုက်ခိုက်တာမျိုး နေ့စဉ်နဲ့မျှကျူးလွန်နေတယ်။ အဲသလိုပဲ တော်လှန်ရေးရဲ့ အစိတ်အပိုင်းအချို့ကလည်း ပြည်သူတချို့ရဲ့ လူမှုစီးပွားအပြင် အသက်ရှင်သန်နေထိုင်ခွင့်ကိုပါ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်နေတာ တွေ့ရတယ်။ ဒါဟာ အသိဉာဏ်ပညာနှိမ့်ပါးပြီး ဆင်ခြင်တုံတရားကင်းမဲ့တဲ့ အဆင့်ဆင့်သော မြေပြင်ဦးဆောင်မှုတွေနဲ့ အပေါ်ထပ်အဆောက်အဦရဲ့ တာဝန်ကင်းမဲ့မှုတွေကြောင့် ဖြစ်ရတာပါ။

ဒီတော့ ကလေးငယ်တွေ၊ လူငယ်တွေအနေနဲ့ ပညာရေးကို ရနိုင်တဲ့နယ်ပယ်အစုံမှာ အစဉ်ဆက်မပြတ် ရှာဖွေသင်ကြားသင်ယူမှုရှိနေဖို့ အရေးကြီးပါတယ်။ ဒါမှလည်းပဲ တော်လှန်ရေးခရီးရှည်ကို အတွေးအခေါ်သစ်တွေနဲ့ ချီတက်နိုင်ပါလိမ့်မယ်။ မနက်ဖြန် အဆုံးသတ်တော့မလိုလို သန်ဘက်ခါ အောင်ပွဲရတော့ မလိုလို မျှော်လင့်ချက်အမှားတွေနဲ့ ဝါဒဖြန့်နေကြတဲ့ Social Influencer တွေနဲ့ Public Figure တွေလည်း လက်တွေ့ကျတဲ့ သုံးသပ်ချက်တွေနဲ့ လူထုကို သဘောတရားပါတဲ့ စည်းရုံးသိမ်းသွင်းမှုတွေ လုပ်ဆောင်သင့်တယ်။

စစ်ဘောင်ကျယ်လာပြီး တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာရင် လူထုရဲ့စီးပွားရေးအကျပ်အတည်းပိုကြီးလာတယ်။ စီးပွားရေးအကျပ်အတည်း ကြီးလာရင် ကျောင်းထွက် အလုပ်လုပ်တဲ့ ဦးရေပိုများလာမယ်။ ဒီကြားထဲ သင်ကြားသင်ယူနိုင်တဲ့ နယ်ပယ်(Learning Space) တွေလည်း ကျုံ့လာတော့ မတွေးရက်စရာပါပဲ။

ကျောင်းသားအနည်းစုဟာ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနလက်အောက်ခံ အစိုးရကျောင်း(Public School)တွေနဲ့ ပုဂ္ဂလိကကျောင်း(Private School)တွေမှာ ဆက်လက်ပညာသင်ကြားနေကြတာတွေရှိတယ်။ တစ်ဘက်ကလည်း အနည်းစုလောက်ပဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကနေ လုပ်ဆောင်နေတဲ့ ကြားကာလပညာရေးအစီအစဉ်တွေနဲ့ လက်လှမ်းမီတာမျိုးတွေ့ရတယ်။ တချို့ကလေးတွေဆိုရင် ပညာရေးစံတန်ဖိုးတွေနဲ့ စနစ်တကျမသင်ကြားနိုင်သေးတဲ့ ရပ်ရွာအခြေပြု မြေအောက်ကျောင်းတွေမှာ တက်ရောက်သင်ယူနေကြတာ‌ တွေ့ရတယ်။

အခုလို ပညာရေးအကျပ်အတည်း ကြီးမားလာတာဟာ ဘက်နှစ်ဘက်စလုံးမှာ တာဝန်အပြည့်ရှိပါတယ်။ ပညာရေးဆိုတာ တော်လှန်ရေးမုဆိုးရဲ့ သားကောင်မဖြစ်စေရဘူး။ အာဏာသိမ်းစစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေဘက်ခြမ်းက ဆရာ၊ဆရာမတွေကို ဖမ်းဆီးထောင်ချတာမျိုးအပြင် စာသင်ကျောင်းတွေပေါ်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့တယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ အစိတ်အပိုင်းတချို့ကလည်း စစ်ကောင်စီကျောင်းတွေက ဆရာဆရာမတွေကို ရိုက်နှက်၊နှိပ်စက်ခြိမ်းခြောက်တာတွေရှိသလို ကျောင်းအကြိုအပို့ကားတွေကိုပါ သတိပေးခြိမ်းခြောက်တာမျိုးတွေပါ တွေ့ရတယ်။ နောက်ပြီး စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးတာတွေနဲ့ ဖောက်ခွဲခြိမ်းခြောက်တာမျိုးတွေပါ ရှိခဲ့တယ်။ ဒီလိုမျိုး အဆင်အခြင်မဲ့လုပ်ရပ်တွေဟာ တော်လှန်ရေးအတွက် ဘာကောင်းကျိုးမျှမဖြစ်စေတဲ့အပြင် တော်လှန်ရေးရဲ့ ကြီးမြတ်တဲ့ဂုဏ်သိက္ခာကို ဖျက်လိုဖျက်ဆီးလုပ်ရာရောက်ပါတယ်။

ဘယ်လိုလက်နက်ကိုင်အင်အားစုတွေပဲ ဖြစ်ပါစေ၊ ပညာသင်ကြားသင်ယူမှုကို ထိပါးနှောင့်ယှက်တာဟာ အကြမ်းဖက်တဲ့ လုပ်ရပ်သာလျှင်ဖြစ်တယ်။ တကယ်တော့ အခွင့်အရေးနဲ့ စံနှုန်းတန်ဖိုးအရပဲကြည့်ကြည့် တော်လှန်ရေးအမြင်နဲ့ပဲကြည့်ကြည့် ပညာသင်ကြားသင်ယူမှုကို ရင်ဘတ်ကျယ်ကျယ်နဲ့ ဘောင်ကျယ်ကျယ်ခွင့်ပြုထားသင့်ပါတယ်။ ဒါမှလည်း ကျနော်တို့ မက်မက်မောမောတောင်းဆိုနေကြတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ အခြေခံရပိုင်အခွင့်အရေးတွေကို တန်ဖိုးထားလေးစားရာရောက်မှာပါ။

ဒီမိုကရေစီပညာရေးဆိုတာ ‘ကျောင်းသားတိုင်း မည်သို့သင်ယူရမည်၊ မည်သည့်နေရာတွင် သင်ယူမည်၊ မည်သည့်ဘာသာရပ်ကို သင်ယူမည်၊ မည်သူနဲ့ သင်ယူမည်ကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်’။ လွတ်လပ်စွာပညာသင်ကြားခွင့်ဆိုတာ လူသားတိုင်းရဲ့မွေးရာပါအခွင့်အရေးလည်း ဖြစ်တယ်။ ပြီးတော့ နိုင်ငံသားတွေရဲ့ အသိဉာဏ်ပညာ အဆင့်အတန်းဟာ တိုင်းပြည်ရဲ့အဆင့်အတန်းလည်း ဖြစ်သလို တိုင်းပြည်ရဲ့ အနာဂတ်လည်းဖြစ်တယ်။ တော်လှန်ရေးရဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာနဲ့လည်း တိုက်ရိုက်အချိုးကျပါတယ်။ အရှေ့မှာပြောခဲ့သလိုပါပဲ တော်လှန်ရေးဆိုတာ ဆုံးရှုံးခဲ့တာတွေအတွက် လက်စားချေတိုက်ခိုက်တာ မဟုတ်ဘူး။

တော်လှန်ရေးဆိုတာ ဟောင်းနွမ်းစုတ်ပြတ်သတ်နေတဲ့ အယူအဆဟောင်းတွေကို ဖယ်ရှားပြီး ပြည်သူလူထုရဲ့ အမြင့်ဆုံးသော လူမှုရေးလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အတွေးအခေါ် အစားထိုးပြောင်းလဲပစ်တာလို့ ဆိုနိုင်ပါတယ်။ တော်လှန်ရေးကို အတွေးအခေါ်တော်လှန်ရေးအဖြစ်ပြောင်းလဲကြဖို့ အင်အားစုတော်တော်များများ ထုတ်ပြောကြတာတွေ တွေ့ရတယ်။ ကျနော်အနေနဲ့လည်း ဒါက အင်မတန်အရေးကြီးတဲ့အခြေခံအချက်ဖြစ်တယ်လို့ ရှုမြင်မိတယ်။ ဒီလိုဆိုရင် အတွေးအခေါ်တော်လှန်ရေးအတွက် ပထမဆုံးလိုအပ်ချက်က ဘာဖြစ်မလဲ။

အတွေးအခေါ်တော်လှန်ရေးအတွက် ပထမဆုံးတာဝန်က အသိဉာဏ်ပညာပဲဖြစ်တယ်။ ဆိုတော့ အသိဉာဏ်ပညာ သင်ကြားသင်ယူနိုင်တဲ့ နယ်ပယ်တွေကို စနစ်တကျချဲ့ထွင်ကြဖို့နဲ့ လွတ်လပ်စွာပညာသင်ကြားခွင့်ကို မခြိမ်းခြောက်ကြဖို့ လိုပါတယ်။

မိုးစက်