ဘာဖြစ်လို့ အစ္စရေးက ဒီလို ပြုမူရတာလဲ

0
1701

အရှေ့အလယ်ပိုင်းက စစ်ပွဲကြီး လုံးလုံးဖြစ်တော့မယ့် ချောက်ကမ်းပါးထဲ ကျဖို့အလိုမှာ သောကြာနေ့မနက်က အစ္စရေးနိုင်ငံ အနေနဲ့ စစ်ပွဲကြီး ၂ ခုကို ဘယ်လိုဖြတ်ကျော်ခဲ့သလဲ ဆိုတာ ပြန်စဉ်းစားနေမိပါတယ်။ အဲဒီမှာ အရေးပါတဲ့ တူညီတဲ့ ၂ ချက်ရှိ ပါတယ်။ အဲဒါက အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံအစိုးရ မဟုတ်တဲ့အဖွဲ့တွေက စတိုက်ခဲ့တာပါ။ ၂၀၀၆ ခုနှစ်မှာ ဟက်ဇဘိုလာနဲ့ ဖြစ်ပြီး၊ အခုတော့ ဂါဇာက ဟားမာ့စ်အဖွဲ့နဲ့ ဖြစ်ရပြီး သူတို့ဒေသတွေကနေ အစ္စရေးက ပြန် ဆုတ်ခွာခဲ့ပြီးနောက် ဖြစ်ရတာပါ။

အဲဒီ စစ်ပွဲနှစ်ခုလုံးမှာ သူတို့က နယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီး ရဲရဲတင်းတင်း စတင်တိုက်ခိုက်ခဲ့ကြပါတယ်။ ဟက်ဇဘိုလာက လူ ၃ ဦးကို သတ်ဖြတ်ပြီး အစ္စရေးစစ်သား ၂ ဦးကို ၂၀၀၆ ခုနှစ်မှာ ဖမ်းဆီးခဲ့ပါတယ်။ ဟားမာ့စ်အနေနဲ့တော့ ရက်စက်စွာ လူ ၁,၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အစ္စရေး အရပ်သား ၁၅၀ ခန့်ကို ဓားစာခံလုပ် ပြန်ပေးဆွဲခဲ့ပါတယ်။ အဲဒီဖမ်းခံရသူတွေမှာ စစ်သားတွေအပြင် လူအိုတွေ၊ ကလေးတွေနဲ့ မွေးကင်းစတွေတောင် ပါဝင်ပါတယ်။

တူညီချက်ကတော့ တိုက်ဆိုင်မှုတခု မဟုတ်ပါဘူး။ တိုက်ခိုက်မှု နှစ်ခုလုံးမှာ အာရပ်ကမ္ဘာမှာ အစ္စရေးတည်ရှိမှုကို အသိအမှတ် ပြုလာတော့မယ့် ပေါ်ထွန်းလာတဲ့ အလားအလာကို စိန်ခေါ်ဖို့ ဒီဇိုင်းလုပ်ထားတာ ဖြစ်ပါတယ်။

ပိုလို့ အရေးကြီးတာက အလစ်အငိုက်ယူ တိုက်ခိုက်မှုဖြစ်ပြီး တည်ငြိမ်နေတဲ့ နယ်စပ်မှာ အသေအပျောက်လည်း များလှပါတယ်။ အစ္စရေးတွေကို ရူးသွပ်အောင် ဖြစ်စေပါတယ်။

၂၀၀၆ ခုနှစ်မှာ အစ္စရေးက ဟက်ဇဘိုလာကို ကောင်းကောင်းကြီး တုံ့ပြန်ခဲ့ပါတယ်။ “မင်းတို့က ငါတို့လူတွေ ပြန်ပေးဆွဲတာ မျိုး ရူးသွပ်တဲ့ လုပ်ရပ်တွေ လုပ်ပြနိုင်တယ်လို့ထင်ရင် ဒါမျိုးကို ငါတို့က နယ်စပ်အငြင်းပွားမှု ကလေးလိုမျိုးပဲ သဘောထားပါမယ်။ ငါတို့က အနောက်ကမ္ဘာနဲ့ တူကောင်းတူနိုင်တယ်။ ဒါပေမယ့် ခေတ်သစ်ဂျူးနိုင်ငံတခုက “တောတခုထဲက ဗီလာ လူနေ ရပ်ကွက်” တခုလို ရှင်သန်နေတာပါ။” ဒါက အရင် အစ္စရေးဝန်ကြီးချုပ် အီဟုဒ်ဘာရက် ပြောခဲ့တာပါ။ “ဘာဖြစ်လို့လဲဆိုတော့ မင်းတို့က အစွန်းကုန်တွန်းလာရင်တော့ ငါတို့ကလည်း ဒေသခံ ဥပဒေနဲ့ ပြန်ကစားဖို့ စိတ်ဝင်စားပါတယ်။ ဒါကို စိတ်ကူးယဉ် မနေပါနဲ့။ အခု ရပ်ကွက်ထဲမှာ မင်းတို့က ငါတို့ကို ရူးသွပ်အောင် လုပ်မနေနိုင်ပါဘူး”။

ဒီလိုနဲ့ အစ္စရေးလေတပ်က ဟက်ဇဘိုလာ ခေါင်းဆောင်ပိုင်းတွေ နေထိုင်တဲ့ ဘေရွတ်မြို့ တောင်ပိုင်းမြို့စွန် ရပ်ကွက်တွေကို မရပ်မနား ဗုံးကြဲခဲ့ပါတယ်။ စစ်ပွဲကာလ ၃၄ ရက်လုံး ဗုံးကြဲခဲ့တာပါ။ အလားတူပဲ ဘေရွတ်မြို့တော် လေဆိပ်ကို အဝင်အထွက် တံတားတွေကိုလည်း ဗုံးကျဲ ဖျက်ဆီးခဲ့ပါတယ်။ ဟက်ဇဘိုလာခေါင်းဆောင်တွေနဲ့ သူတို့ မိသားစုတွေ၊ အိမ်နီးချင်းရပ်ကွက် တွေက ပုဂ္ဂိုလ်ရေးအရ တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရပါတယ်။

အစ္စရေး တုံ့ပြန်မှုက ရက်စက်ကြမ်းကြုတ်လွန်းလှပါတယ်။ ဟက်ဇဘိုလာခေါင်းဆောင် ဟာဆန် နာ့စ်ရာလာ (Hassan Nasrallah) က စစ်ပြီးလို့ များအကြာမီ၊ ၂၀၀၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက် လက်ဘနွန် တီဗွီစတေရှင်အသစ်နဲ့ နာမည်ကျော် အင်တာဗျူးမှာ ပြောတာက “ကျနော်တို့ ထင်မထားဘူး။ ၁% တောင် မထင်ထားဘူး။ ခုလို [အစ္စရေး စစ်သား ၂ ဦးကို] ဖမ်းဆီးမှုက ခုချိန်မှာ ခုလို အတိုင်းအဆနဲ့ စစ်ဖြစ်လာစေမယ်ဆိုတာ။ ခင်ဗျားကမေးတယ်။ အဲဒီစစ်ဆင်ရေးက အခုလို စစ်ပွဲတွေ ဖြစ်လာစေတဲ့အထိ ဇူလိုင် ၁၁ ဖြစ်ရပ်ကို သိခဲ့ပါသလားလို့ မေးရင် … ကျနော် မသိခဲ့ဘူး။ လုံးဝ မသိခဲ့ပါဘူး။” လို့ ဆိုခဲ့တယ်။

အမှန်ဆိုရရင် ၂၀၀၆ ခုနှစ် ကတည်းက အစ္စရေး-လက်ဘနွန် နယ်စပ်က နှိုင်းယှဉ်ချက်အရ အတော်တည်ငြိမ် တိတ်ဆိတ်နေခဲ့ ပါတယ်။ နှစ်ဖက်စလုံးမှာ ထိခိုက်မှု အနည်းအကျဉ်းတော့ ရှိခဲ့ပါတယ်။ အစ္စရေးက ကမ္ဘာပေါ်မှာပုံရိပ်မှာတော့ ထိခိုက်ခဲ့ရတာတွေ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘေရွတ်မြို့ပေါ်ကို တိုက်ခိုက်ဖျက်ဆီးမှုတွေ လုပ်ခဲ့လို့ပါ။ ဟက်ဇ်ဘိုလာတွေ မျှော်လင့်ထားသလို ကမ္ဘာကြီးနဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေက ရေတိုမှာရော ရေရှည်မှာပါ မဖြစ်ခဲ့ပါဘူး။ အထီးတည်း ကျန်နေခဲ့တာမျိုးတော့ မဖြစ်ခဲ့ပါဘူး။

ဂါဇာဝန်းကျင်မှာ ဗိုလ်နေမြဲ ကျားနေမြဲ အခြေအနေကို ရုတ်ချည်းဖျက်ပစ် လိုက်ဖို့၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အစ္စရေးကို အချီကြီးထိုးစစ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဟားမာ့စ်တွေက တခုခုကို သင်ခန်းစာယူဖို့ ပျက်ကွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အချို့ ကတည်းက သင်ခန်းစာ အချက်အလက်တွေ ရှိခဲ့ပါတယ်။ အစ္စရေးနဲ့ ဟားမာ့စ်တို့က ဂါဇာဝန်းကျင်မှာ အတူတကွ ပူးတွဲ နေထိုင်ရေးအတွက် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါနဲ့ပဲ ဂါဇာကလူထုတွေ ထောင်နဲ့ချီပြီး အစ္စရေးထဲကို နေ့စဉ်ဝင် အလုပ်လုပ် ခွင့် ရလာကြတာပါ။ ဒီလိုနဲ့ ဟားမာ့စ်တို့ အိပ်ထဲငွေတွေ ဝင်လာပါတယ်။ ကွာတာ (Qatar) အစိုးရဆီက အထောက်အပံ့တွေ ရလာပြီး ဂါဇာလူထုတွေက အစ္စရေးနဲ့ စီးပွားဆောင်ရွက်ခွင့် ရလာကြတာပါ။ ဂါဇာထုတ်ကုန်တွေကို အစ္စရေး ဆိပ်ကမ်းတွေ ကတဆင့်၊ လေဆိပ်တွေက တဆင့် တင်ပို့နိုင်ခဲ့ကြတာပါ။

ဟားမာ့စ်က အခုစစ်ပွဲဖြစ်ရတဲ့ အကြောင်းပြချက်တွေ ဖော်ပြတာကတော့ ဘင်ဂျမင် နာတာညာဟုရဲ့ အစိုးရရဲ့ အမျိုးသား လုံခြုံရေးဝန်ကြီး အီတာမာ ဘင်ဂီဗာ (Itamar Ben-Gvir) က ဂျေရုစလင်မြို့တော် အယ်လ်အက်ဆာ (Al Aqsa) ပလီမှာ မနက်ခင်း လမ်းလျှောက်ရင်း လုပ်ဆောင်ချက်တွေက ပါလက်စတိုင်းတွေကို စော်ကားရာ ရောက်စေပါသတဲ့။ နောက်တော့ ပါလက်စတိုင်းတွေကို ထောင်သွင်းအကျဉ်းချတာ ပိုလို့ပြင်းပြင်းထန်ထန် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အစ္စရေးတွေရဲ့ ဒီလို လုပ်ဆောင်ချက်က ရန်စစော်ကားနေတယ်လို့ မြင်ကြပေမယ့် ပြီးခဲ့တဲ့ စနေ့နေ့က တိုက်ခိုက်မှုတွေအတွက် ဆင်ခြေပေး ဖို့ ခက်ပါတယ်။ စားပွဲပေါ်ရှိတဲ့ လောင်းကြေးတွေကို ဟားမာ့စ်က ဒီလိုပုံအောလောင်းပစ်စရာလည်း မသင့်ဘူးလို့ ထင်ပါ တယ်။

အခုအချိန်မှာ ပြုမူလှုပ်ရှားရတာရဲ့ အဓိကအကြောင်းအချက်ကြီး [ဟားမာ့စ်က ဝန်ခံထားမှုမရှိတာ] ကတော့ အစ္စရေးကို အာရပ်ကမ္ဘာက ပိုလက်ခံလာနေလို့ပါပဲ။ သိပ်မကြာခင်မှာ အစ္စလမ်ဘာသာတရားရဲ့ မွေးဖွားရာနေရာ ဖြစ်တဲ့ ဆော်ဒီ အာရေဗျကတောင် လက်ခံဖို့ ဖြစ်လာပါတယ်။ သမ္မတဘိုင်ဒင်ရဲ့ အရှေ့အလယ်ပိုင်း သံတမာန်ရေးကြောင့် အီရန်က ပိုလို့ ချောင်ပိတ်မိသလို ဖြစ်လာပါတယ်။ ပါလက်စတိုင်းတွေကတော့ နောက်ချန်ထားခံရမှာကို စိုးရိမ်ပါတယ်။

ဒါကြောင့် ဟားမာ့စ်က ပြောတာကတော့ “အိုကေ၊ ဂျူးတို့ … ငါတို့တခါမှ မသွာဘူးတဲ့ အဆင့်အထိကို သွားမယ်။ ငါတို့က ဂါဇာကနေပြီး အစွမ်းကိုထိုးစစ်ကို ဆင်နွှဲမယ်။ စစ်သားတွေနဲ့လည်း တားဆီးနိုင်မှာ မဟုတ်ဘူး။ အဘိုးအဘွားတွေ မင်းတို့ရဲ့ ကလေးငယ်တွေကို သတ်မယ်။ ရူးသွပ်မှန်းတော့ ငါတို့သိပါတယ်။ ဒါပေမယ့် မင်းတို့က တို့ထက်ပိုရူးသွပ်တာ ဖြစ်လာစေတဲ့ အထိ စွန့်စားရမှုကိုလည်း လုပ်ဖို့အသင့်ပဲ။ အာရပ်-အစ္စရေး ပုံမှန်ဆက်ဆံရေး လုပ်ငန်းစဉ်မှာ နေရာအားလုံးမီးတွေ တောက် လောင်လာမယ်လို့ မျှော်လင့်ထားတယ်”လို့ ဆိုကြပါမယ်။

ဟုတ်ပါတယ်။ အခုအခါမှာ အစ္စရေးက ရူးသွပ်တယ်လို့ ယူဆရင်တော့ ဘာကြောင့်လဲဆိုတော့ ဟားမာ့စ်က သူ့မျက်နှာကို တည့်တည့်ထိုးခဲ့လို့ပါပဲ။ အရှက်တကွဲ အကျိုးနည်းနဲ့ မျက်လုံးတလုံးလည်း ပုတ်ထုတ်ခဲ့ပါသေးတယ်။ အခုတော့ အစ္စရေးက ကြားထဲက ခုခံရေး အတားအဆီးတွေကို ပြန်လည်တည်ထောင်ရမယ်လို့ ယုံကြည်နေပါတယ်။ ဟားမာ့စ် ရူးသွပ်လုပ်ဆောင် ခဲ့သမျှထက် ပိုလို့ ရူးသွပ်မှုနဲ့ သက်သေပြဖို့ပါ။

အစ္စရေးလ်က ဟားမာ့စ်ရဲ့ ဥပဒေသအတိုင်း ပြန်သုံးပါလိမ့်မယ်။ ဒီဝေါဟာရက ၁၉၈၂ ခုနှစ် လွန်လေးပြီးတဲ့နှစ်များက ဆီးရီး ယား သမ္မတ ဟာဖက်ဇ် အယ်လ် အာဆဒ် (Hafez al-Assad) က သုံးခဲ့တဲ့ မဟာဗျူဟာကို ပြန်လို့ ပြင်ဆင်သုံးထားတာပါ။ ဟားမာ့စ်ဖို့ရဲ့ နိုင်ငံရေးအရ ဘိုးဘေးတွေဖြစ်တဲ့ ဆီးရီးယားနိုင်ငံက မူစလင်ညီအစ်ကိုတော်များအဖွဲ့ (Muslim Brotherhood) က အာဆဒ်ရဲ့ ဘာသာရေးနဲ့ နိုင်ငံရေး မရောချင်တဲ့ အစိုးရကို ဖြုတ်ချဖို့ ဟာမားမြို့တော်မှာ ပုန်ကန်မှုတွေ လုပ်ကြတုန်းကပါ။

အာဆဒ်က ညီအစ်ကိုတော်များအဖွဲ့ နေထိုင်ရာ ဟာမားမြို့က ရပ်ကွက်တွေကို ဗုံးမိုးရွာပစ်ပါတယ်။ မရပ်မနား နေ့နဲ့ချီ ဗုံးကြဲ ပါတယ်။ ဘယ်သူမှ ထွက်ခွင့်မပေးပါဘူး။ နောက်တော့ ဘူဒိုဇာတွေခေါ်လာပြီး တရပ်ကွက်လုံးကို ကားရပ်နားကွင်းအထိ ပြား သွားအောင် ထိုးဖယ်ရှင်းခဲ့ပါတယ်။ သူ့လူထုပေါင်း ၂ သောင်းလောက် ဒီအဖြစ်မှာ သေကြေခဲ့ပါတယ်။ နောက်ရက်သတ္တပတ် အချို့မှာတော့ ဒီအပျက်အစီးပုံပေါ်မှာ ကျနော် လမ်းလျှောက်ခဲ့ပါတယ်။ ကျနော်သိတဲ့ အာရပ်ခေါင်းဆောင်တဦး ကျနော့်ကို သီးသန့် ပြောတာက အာဆဒ်ကို သူက ဒီအဖြစ်အပေါ် နှစ်ဦးချင်း ပြန်မေးတော့ အာဆဒ်က ခြောက်သွေ့စွာပဲ ပယ်ချခဲ့ပါတယ် တဲ့။ “လူတွေက နေတာပဲ၊ လူတွေက သေကြတာပဲ”လို့ ဆိုခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းကို ကြိုဆိုပါ၏ ပေါ့။ ဒီဟာက နော်ဝေနဲ့ ဆွီဒင်အကြားက နယ်စပ်မျဉ်း အငြင်းပွားမှု ပြဿနာမျိုး မဟုတ်ပါ ဘူး။ ဒါမှမဟုတ် ဟားဗတ်တက္ကသိုလ် ပန်းခြံထဲက ငြင်းခုန်ပွဲ မဟုတ်ပါဘူး။ ဘုရားသခင်.. ကျနော်ကတော့ အဲသလို ဖြစ်ချင် ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။

အခု အစ္စရေး- ဟားမာ့စ်စစ်ပွဲက တဖြည်းဖြည်းမြင့်တက်လာနေတဲ့ ရူးသွပ်မှုတွေရဲ့ အစိတ်အပိုင်း တခုပါ။ ဒီရပ်ကွက်မှာ ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် နှစ်စဉ်နဲ့အမျှ ပိုလို့ အန္တရာယ်ကြီးလာပြီး လက်နက်တွေက ပိုကြီးလာပါတယ်။ ပိုဈေးချိုလာ ပါတယ်။ ပိုလို့သတ်ဖြတ်နိုင်စွမ်း မြင့်လာပါတယ်။

ဘိုင်ဒင်လိုပါပဲ။ အစ္စရေးက ဟားမာ့စ်ကို ဆန့်ကျင်တိုက်ခိုက်တာကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ထောက်ခံပါတယ်။ ဘာ ကြောင့်လဲဆိုတော့ အစ္စရေးက အမေရိကနဲ့အတူ မျှဝေတဲ့ တန်ဖိုးထားမှုတွေအများ ရှိနေလို့ပါ။ ဟားမာ့စ်နဲ့ အီရန်ကတော့ အမေရိကန်ရဲ့ ရပ်တည်ချက်တွေနဲ့ ဆန့်ကျင်ဖက်ပါ။ ဒီသင်္ချာက ကျနော့်အတွက် လွယ်ကူပါတယ်။

အစ္စရေးအနေနဲ့ အခုစစ်ပွဲကို အရင်က အခြားစစ်ပွဲတွေနဲ့ ဘယ်လိုကွာခြားသလဲဆိုတာ ကျနော့်အမြင်ကတော့ အစ္စရေးရဲ့ အတွင်း နိုင်ငံရေး အခြေအနေပါပဲ။ ပြီးခဲ့တဲ့ ၉ လမှာ နာတာညာဟု ဦးဆောင်တဲ့ အစ္စရေး လက်ျာစွန်းတွေနဲ့ ရှေးရိုးစွဲဝါဒီ နိုင်ငံ ရေးသမားတွေက အစ္စရေးရဲ့ ဒီမိုကရေစီကို ပြောင်ပြောင်တင်းတင်းပဲ ပြန်ပေးဆွဲထားဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဝန်ကြီးချုပ်က ဦးဆောင်နေတဲ့ ဘာသာရေးစွဲ- အမျိုးသားရေးစွဲ- အခြေချနေထိုင်သူ လက်ျာအုပ်စုတွေက အစ္စရေးရဲ့ တရားရေးနဲ့ အခြား အရေးပါတဲ့ အင်စတိကျူးရှင်းတွေကို သိမ်းပိုက်ခဲ့ကြပါတယ်။ အစ္စရေး တရားလွှတ်တော်ချုပ်က တရားရေးအရ ပြန်လည် သုံးသပ်ဆုံးဖြတ်နိုင်တဲ့ အာဏာကို ရုပ်သိမ်းခဲ့ကြပါတယ်။ ဒီဆောင်ရွက်ချက်က အစ္စရေးလူမှု အသိုက်အဝန်းကို အများအပြား ပြိုကွဲစေပါတယ်။ အစ္စရေးကို သူ့ရဲ့ခေါင်းဆောင်မှုက အမြော်အမြင်မဲ့စွာ သိမ်းပိုက်ခဲ့ပြီး စစ်ပွဲချောက်ကမ်းပါးစွန်းကို အယူဝါဒ အရ စိတ်ကူးယဉ်ရူးသွပ်မှုတွေနဲ့ ဆွဲခေါ်ခဲ့ ကြတာပါ။ အဲဒီအကွဲအပြဲတွေကို အီရန်၊ ဟားမာ့စ်နဲ့ ဟက်ဇဘိုလာတို့က မြင်တွေ့ နေရပါတယ်။ သူတို့ အင်အားသာတာကို ပြဖို့ ဖြစ်လာပါတယ်။

ဒီလို အက်ကွဲမှုတွေကို နည်းနည်းခံစားကြည့်ချင်တယ် ဆိုရင်ဖြင့်၊ အခုစစ်ပွဲမဖြစ်ခင် နိုင်ငံကို ကွဲပြဲစေခဲ့တဲ့ နာတာညာဟု အပေါ် မီးတောင်ပေါက်ကွဲသလို ဖြစ်ပေါ်နေတဲ့ ဒေါသတွေကို မြင်ချင်ရင်ဖြင့် လွန်ခဲ့တဲ့ နှစ်ရက်က လိုင်းပေါ်မှာ အကြီးအကျယ် ပျံ့နှံ့နေတဲ့ ဗီဒီယိုကို ကြည့်သင့်ပါတယ်။ အဲဒီမှာ နာတာညာဟုရဲ့ အစိုးရပါတီ (လူကစ်ပါတီ) က ဝန်ကြီး အမျိုးသမီး အီဒစ် ဆေလ်မန် (Idit Silman) က Tzrifin မှာရှိတဲ့ အာဆက်ဖ် ဟာရိုဖာ (Assaf Harofeh) ဆေးရုံကို လူနာတွေကြည့်ဖို့ ရောက်လာ တုန်းက လူတွေ ပြစ်တင် ဝေဖန်နေကြတဲ့ပုံပါ။

“မင်းတို့က ဒီနိုင်ငံကို ဖျက်ဆီးနေတာပဲ၊ အခုချက်ချင်း ဒီနေရာကထွက်သွား” အစ္စရေးဒေါက်တာက အဲဒီအမျိုးသမီးကို အော် ပြောတယ်။ “နောက်ထပ် စစ်ပွဲတပွဲ ဖန်တီးဖို့ မင်းတို့က ဘာဖြစ်လို့ အရှက်မရှိကြတာလဲ” အခြား ပုဂ္ဂိုလ်တဦးက ပြောတယ်။ “ခုတော့ ငါတို့အလှည့်ပဲ” အရင်ကတွစ်တာလို့ခေါ်တဲ့ လူမှုကွန်ရက် X ပေါ်မှာ တင်ပြထားတဲ့ ဗီဒီယိုထဲမှာ ဆရာဝန်က အော်ဟစ်ပြောဆိုနေတာကို ကြားနိုင်ပါတယ်။ “ငါတို့က ဦးဆောင်မယ့်သူတွေပဲ။ ငါတို့ ဒီနေရာကို အုပ်ချုပ်မယ်။ မင်းတို့သာ မရှိရင် လက်ျာ၊ လက်ဝဲ၊ နိုင်ငံက ညီညွတ်သွားမယ်။ မင်းတို့က အကုန်ဖျက်ဆီးပစ်တဲ့ ကောင်တွေ”။

အစ္စရေးက အံ့ဩထိတ်လန့်ဖွယ် ထိုးနှက်မှုကို ကြုံခဲ့ရပါတယ်။ ဒီလိုနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မဖြစ်နိုင်တဲ့ စစ်ပွဲတရပ်ကို ဆင်နွှဲရဖို့ အတင်းအကျပ် တွန်းပို့ခံရပါတယ်။ ဟားမာ့စ်တွေထက် ပိုရူးသွပ်ကြောင်းပြဖို့နဲ့ အီရန်နဲ့ ဟက်ဇဘိုလာတို့ တချိန် တည်းမှာ ဝင်မရှုပ်ရလေအောင် ဆောင်ရွက်ရဖို့ ရှိနေပါတယ်။ အစ္စရေး လူကောင်းသူကောင်းတွေနဲ့ ပါလက်စတိုင်း လူ ကောင်းသူကောင်းတွေ ပိုသေကြေရမှာမို့ ငါ နက်နက်နဲနဲ ငိုကြွေးမိပါတယ်။ အစ္စရေးရဲ့ စစ်အစီအစဉ်အတွက်လည်း စိုးရိမ် စိတ် ပွားမိပါတယ်။ တခုက ဟက်ဇဘိုလာကို ဟန့်တားနိုင်ဖို့ တခုက ဟားမာ့စ်ကို ဟန့်တားနိုင်ဖို့ပါပဲ။ ဟားမာ့စ်ကို ဖယ်ရှားပြီး တခုခု ပိုလို့တည်ငြိမ်မယ့်၊ ပိုလို့ ယဉ်ကျေးမယ့် အင်အားစုကို အစားထိုးနိုင်ဖို့ပါ။ ဘယ်လို လုပ်ကြမှာပါလဲ။

နောက်ဆုံးအနေနဲ့ ဘာပဲဖြစ်ဖြစ် အစ္စရေး ညီညွတ်ရေးအစိုးရသစ်နဲ့အတူ အခု ဟားမာ့စ်ဆန့်ကျင်ရေး တိုက်ပွဲမှာ အစ္စရေးရဲ့ ကိုယ်ခန္ဓာကို ကယ်တယ်ဖို့ ကျနော် ရပ်တည်ပါတယ်။ ဒါပြီးတဲ့နောက်မှာလည်း အစ္စရေး ဒီမိုကရေစီကို ခုခံကာကွယ်ဖို့၊ အစ္စရေးရဲ့ ဝိဉာဉ်တွေကို ပြန်ပေးဆွဲအကျပ်ကိုင်မယ့်လူတွေလက်က ခုခံကာကွယ်ဖို့အတွက် ကျနော်ရပ်တည် ဦးမှာပါ။

============

သောမတ် ဖရိမင်း (Thomas L. Friedman), New York Times

အောင်သူငြိမ်း ဘာသာပြန်သည်။

သောမတ် ဖရီးမင်း (Thomas L. Friedman) သည် New York Times သတင်း၏ ပင်တိုင်ဆောင်းပါးရှင် ဖြစ်ပြီး ၁၉၈၁ ခုနှစ် တွင် စ၍ ပူးပေါင်းသည်။ ပူလစ်ဇာဆု ရရှိခဲ့သည်။ အမျိုးသားစာပေဆု ရသည့် “From Beirut to Jerusalem” အပါအဝင် စာအုပ် ၇ အုပ် ရေးသားခဲ့သည်။