တနင်္သာရီတိုင်းအတွင်း မိုးထစ်ချုန်းရွာနိုင်

0
1653

မုတ်သုန်ဆုတ်ခွာမည့်ကာလတွင် တနင်္သာရီတိုင်း၌ မိုးထစ်ချုန်းရွာနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ အောက်တိုဘာလ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ဒုတိယ ၁၀ ရက်အပတ်ထဲတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြသည်။

အောက်တိုဘာလ ၁၁ ရက်မှ ၁၃ ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသနှင့် အောက်တိုဘာ ၁၄ ရက်မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံတဝှမ်းလုံးမှ မုတ်သုန်ဆုတ်ခွာဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကာလအတွင်း တနင်္သာရီတိုင်းတွင် မိုးရွာရက် ၇ ရက်မှ ၉ ရက်အထိ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ယင်းအပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ၃ ရက်မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြသည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့တွင် ၇ ရက်မှ ၉ ရက်ခန့်အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း ဖော်ပြပါရှိသည်။

အောက်တိုဘာလ ပထမ ၁၀ ရက် အပတ်ကလည်း တနင်္သာရီတိုင်းတွင် မိုးရွာရက် ၉ ရက်ရှိခဲ့ကြောင်း ဆိုသည်။

စက်တင်ဘာလ ၁၅ ရက်က လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာတွင် မိုးရွာသွန်းပြီး မြေပြိုကျမှုကြောင့် လူနေအိမ်လေးလုံးပျက်စီးခဲ့သည်။

စက်တင်ဘာ ၂၈ ရက်ကလည်း မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ မိုးသက်လေပြင်းကျရောက်မှု၊ မြေပြိုကျမှုတို့ကြောင့် လူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်လေးလုံးခန့် ပျက်စီးခဲ့သည်။