ရေဖြူတွင် စစ်ကောင်စီတပ်က ယာဉ်များနှင့် လုပ်ငန်းများကို ဝင်စစ်ပြီး ဒဏ်ကြေးဟုဆိုကာ ငွေတောင်း

0
1464

စစ်ကောင်စီတပ် အင်အား ၄၀ ခန့်ဖြင့် ရေဖြူမြို့နယ်၊ ဇီးကျရွာသို့ ရောက်လာပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ယာဉ်များကို စစ်ဆေး၍ ဒဏ်ကြေးဟုဆိုကာ ငွေတောင်းခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

မနေ့(အောက်တိုဘာ ၁၀) မနက်ပိုင်းက ဇီးကျရွာရှိ လူနေအိမ်များကိုဝင်ရောက် စစ်ဆေးမေးမြန်းပြီး လိုင်စင်သက်တမ်းလွန်နေသည့် မော်တော်ဆိုင်ကယ်၊သစ်စက်၊ အိမ်သုံးမီးသွေးဖုတ်လုပ်ငန်းလုပ်သူများကို ဒဏ်ကြေးတောင်းသွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မနက်စောစော မူးရူးပြီး လာကြတာ၊ ဆိုင်ကယ်တွေကို အိမ်အထဲထိဝင်စစ်တယ်၊ စိတ်ကောင်းရှိတဲ့ စစ်သားတွေ နဲ့တွေ့တဲ့အိမ်ဆိုရင်လည်း ဘာမှမပြောဘူး”ဟု ၎င်းကပြောသည်။

ဇီးကျရွာဒေသခံများမှာ စုစုပေါင်း ကျပ်သိန်းနှစ်ဆယ်ကျော် ဒဏ်ကြေးပေးလိုက်ရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အိပ်ကပ်ထဲ ထည့်ထားတဲ့ ကိုးထောင်တောင် မချန်ဘူး ပေးလိုက်ရတာ “ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်သည် ယင်းကဲသို့စစ်ဆေးပြီးနောက် ညနေ ၃ နာရီဝန်းကျင်ခန့်တွင် သေနတ် ပစ်ဖောက်ပြီး ရေဖြူဘက်သို့ ပြန်သွားသည်ဟုဆိုသည်။

ထားဝယ်မြို့၏ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းယခင်က မကြာခဏ မော်တော်ယာဉ်များကို ရှောင်တစ်ခင် စစ်ဆေးမှုများရှိသော်လည်း လမ်းမကြီးတွင်သာစစ်ဆေးခဲ့ပြီး မော်တော်ယာဉ်ပြစ်မှုထင်းရှားပါက ဖြတ်ပိုင်းပေးကြောင်း၊ ယာဉ်ထိန်းရဲဌာနနှင့် တရားရုံးတို့တွင် ဒဏ်ကြေးသွားဆောင်ရကြောင်း မြို့ခံများကပြောသည်။