ဘန်ကောက်တွင် သံအမတ်ဟောင်း အသတ်ခံရမှု မြန်မာလုပ်သားတစ်ဦးကို ဖမ်းမိန့်ထုတ်

0
1106

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦး အသတ်ခံခဲ့ရမှုအတွက် အသက်၁၉ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦး ဖမ်းမိန့်ထုတ်လိုက်ပြီး လိုက်လံဖမ်းဆီးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် အသက် ၆၃ နှစ်အရွယ် ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်း Vichit Chitvimarn ၏ အလောင်းကို ဘန်ကောက်မြို့ ချာတူးချတ်ဒေသရှိ သုံးထပ်အဆောက်အဦး၏ အိမ်သာထဲတွင် စက္ကူပုံးဖြင့် ဖုံးထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်။

သံအမတ်ဟောင်းသည် သေဆုံးနေသည်မှာ ရက်အနည်းငယ်ရှိနေပြီဖြစ်ပြီး အလောင်းကို စစ်ဆေးရာ ရင်ဘတ်တွင် ဓါးထိုးဒဏ်ရာ သုံးချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

သုံးထပ်တိုက်၏ ပထမထပ်ရှိ မီးဖိုခန်းအတွင်းမှ မီးဖိုချောင်သုံး ဓား ၅ ချောင်း ထည့်ထားသည့် သစ်သား သေတ္တာကို စစ်ဆေးစဉ် နှစ်ချောင်းတွင် သေဆုံးသူ၏ သွေးများ တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားထားသည်။

သေဆုံးမှုနှင့်ပတ်သက်၍ ယနေ့ အောက်တိုဘာလ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် အသက် ၁၉ နှစ်အရွယ် မောင်စိုင်းမြတ်မိုး အမည်ရှိသော မြန်မာအလုပ်သမားကို လူသတ်မှုဖြင့် ဝရမ်းထုတ်လိုက်ပြီး လိုက်လံရှာဖွေဖမ်းဆီးနေသည်။

အခင်းဖြစ်ပွားမှုသည် စက်တင်ဘာ ၂၇ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသတ်ခံရပြီး နာရီပိုင်းအကြာတွင် သံအမတ်ဟောင်း၏ ဘဏ်အကောင့်အတွင်းမှ ဘတ် ၁ သိန်းကျော် ထုတ်ယူထားသည်ကို စစ်ဆေးတွေ့ရှိရဟုဆိုသည်။

ထိုငွေများကို ဘန်ကောက်ရှိ ရှောပင်းမောတစ်ခု၏ ATM မှတစ်ဆင့် ထုတ်ယူခဲ့ခြင်းဖြစ်ပြီး ထပ်မံစုံစမ်းရာမှ မောင်စိုင်းမြတ်မိုးက ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

မောင်စိုင်းမြတ်မိုးသည် သံအမတ်ဟောင်းအိမ်တွင် အိမ်တွင်း ပြင်ဆင်မှုလုပ်ကိုင်နေသော အလုပ်သမားတစ်ဦးသည်။

သံအမတ်ဟောင်းသည် လွန်ခဲ့သောနှစ်ပတ်က အဆောက်အဦးအသစ်တွင် ပရိဘောဂပြင်ဆင်ရန်အတွက် မြန်မာအလုပ်သများကို ဆက်သွယ်ခဲ့ကြောင်း အိမ်ရာတွင် နေထိုင်သူတစ်ဦး၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြထားသည်။

ယင်းနောက် သံအမတ်ဟောင်းက ၎င်းနေအိမ်ကို နှစ်ပတ်တစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးရန် မြန်မာအလုပ်သမားများကို ပြောဆိုထားကြောင်း၊ ပြည်ပတွင် နေထိုင်သော ဇနီးဖြစ်သူကလည်း အမျိုးသမီး အလုပ်သမားများကို မခန့်ထားရန် ပြောထားသဖြင့် သံအမတ်ဟောင်းကအမျိုးသား အလုပ်သမားများသာ ခန့်ထားကြောင်း မြေးဖြစ်သူကဆိုသည်။

လက်ရှိတွင်လူသတ်သမားသည် ထိုင်းနိုင်ငံအတွင် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး အမှုဖွင့်ခံထားရသော မောင်စိုင်းမြတ်မိုးသည် မော်ချစ်မှတဆင့် ချင်းရိုင်ခရိုင်သို့ ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။

Ref: Thairath, Thai New Agency, The Thaiger