သရက်ချောင်း ရငဲရွာတွင် နေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့

0
1098
ပုံစာ - ရငဲရွာတွင် နေအိမ်အချို့ မီးရှို့ခံနေရသည်ကို တွေ့မြင်ရစဉ်။

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာက နေအိမ်အချို့ကို ယနေ့ အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းက မီးရှို့ခံနေရပြီး မီးခိုးများတက်နေသည်ကို မြင်တွေ့နေရကြောင်း တိမ်းရှောင်နေသည့် ဒေသခံများက ပြောသည်။

“ရငဲရွာလယ်ဘုန်းကြီးကျောင်းနားလောက်က အိမ်တွေလို့ထင်တယ်။ အဝေးကပဲ မြင်နေရတော့ ဘယ်သူ့အိမ်ဆိုတာ သေချာမပြောနိုင်ဘူး။ နှစ်လုံးလောင်နေတယ်လို့ သိတယ်” ဟု တိမ်းရှောင်နေသည့် ရငဲရွာခံတစ်ဦးက ဆိုသည်။

မင်းဒပ်ရွာဘုန်းကြီးကျောင်းတွင် သုံးရက်ကြာတပ်စွဲပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ ကားနှစ်စီးဖြင့် သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ရငဲရွာ၊ ကျောက်ခမောက်ရွာများကို ဝင်ရောက်လာပြီးနောက် ရငဲရွာက နေအိမ် အချို့ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကြောင်း ဝင်ရောက်လာသဖြင့် အဆိုပါကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ်သားများသည် Vigo အမျိုးအစားကားတစ်စီး နှင့် Hijet အမျိုးအစားကား တစ်စီးဖြင့် လိုက်ပါလာပြီး စစ်ကြောင်းသွားရာလမ်းတစ်လျှောက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးသံ လေးချက်ခန့်ကြားရကြောင်း ၎င်းတို့က ဆိုသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ယင်းစစ်ကောင်စီတပ်သားများသည် သရက်ချောင်းမြို့နယ် ကျောက်ခမောက်ရွာသို့ ရောက်ရှိနေကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

အောက်တိုဘာလ ၅ ရက်တွင်လည်း စစ်ကောင်စီစစ်ကြောင်းသည် ဝဲရစ်ရွာ၊ ကမြိုင်ရွာနှင့် ရငဲရွာများသို့ ဝင်ရောက်ပြီး နေအိမ်များကို ဖောက်ထွင်းစစ်ဆေးခဲ့ ဒေသခံ ၉ဦးကို ဖမ်းဆီးခဲ့သည်။ ယင်းနောက် တစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။