ရေးမြို့ ကိုရင်လေး လေးမျက်နှာထိုင်တော်မူဘုရားကြီးတွင် ဘုရားတစ်ဆူ သင်္ကန်းတော်ပြိုကျ

0
6725
ပုံစာ - သင်္ကန်းတော်ပြိုကျနေသည့် ရုပ်ပွားတော်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျိုက်ဒေတမော့ဗရတ်သာသနာပြုနယ်မြေ (ကိုရင်လေးဆရာတော်ကျောင်း) ရှိ ရာမညအတုလ လေးမျက်နှာထိုင်တော်မူ ဘုရားလေးဆူအနက် တစ်ဆူ သင်္ကန်းတော်ပြိုကျကြောင်း မြို့ခံများက ပြောသည်။

ပုပ္ပဝတီရွာတွင် တည်ထားသည့် ဘုရားလေးဆူအနက် အနောက်ဘက်အရပ်သို့ မျက်နှာမူထားသည့် ရုပ်ပွားတော်တွင် ကွန်ကရစ်ဖြင့်ပြုလုပ်ထားသည့် သင်္ကန်းတော်များ အောက်တိုဘာလ ၆ ရက် နံနက် ၁ဝ နာရီခွဲဝန်းကျင်တွင် ပြိုကျကြောင်း ၎င်းတို့က ဆိုသည်။

ရုပ်ပွားတော်တွင် အက်ကွဲကြောင်းများဖြစ်ပေါ်နေသဖြင့် သီတင်းကျွတ်ကာလအမီတွင် သင်္ကန်းတော်များကို ခွာချပြီး ပြုပြင်ရန်စီစဉ်ထားချိန် ယခုကဲ့သို့ ပြိုကျသွားခြင်းဖြစ်ကြောင်း ကိုရင်လေးကျောင်းက သတင်းထုတ်ပြန် ထားသည်။

သင်္ကန်းတော်ပြိုကျရာတွင် လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“အနောက်ဘက်ကို မျက်နှာမူနေတဲ့ ဘုရားကြီးက လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက မိုးကြိုးလျှပ်စီးထိပြီး သင်္ကန်းတော်အက်ကွဲကြောင်းပေါ်နေတယ်။ အဲဒီကွဲကြောင်းကို ပြုပြင်မလို့စီစဉ်နေတုန်းပဲ သူ့ဟာသူပြိုကျသွားတာပါ” ဟု ကိုရင်လေးကျောင်းမှ ကျောင်းအကျိုးတော်ဆောင် ဦးမြင့်မောင်မောင်က ပြောသည်။

ထိုင်တော်မူ ရုပ်ပွားတော်ကြီးလေးဆူပါဝင်တည်ထားသည့် ရာမညအတုလစေတီ၏ ဉာဏ်တော်မှာ ပလ္လင်တော်မှ ထီးတော်အထိ ၁၄၅ တောင် အမြင့်ရှိကာ ရုပ်ပွားတော်လေးဆူအတွင်း အထပ်ပေါင်း ၈ ထပ်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားခြင်းဖြစ်သည်။

ရာမညအတုလ လေးမျက်နှာထိုင်တော်မူဘုရားကြီးကို ၂၀၀၅ ခုနှစ် ကိုရင်လေးဆရာတော် အရှင်ပုပ္ဖရမ္မ က စတင်တည်ထားခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပြီးစီးကာ ထီးတော်တင်ခဲ့ခြင်းဖြစ်သည်။