နေထိုင်လုပ်ကိုင်ခွင့်လျှောက်သည့် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းအစိုးရသစ်က တစ်နှစ်ကျော်ဆက်နေထိုင်ခွင့်ပြု

0
966

ယာယီနေထိုင်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားသည့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို လက်မှတ် မထုတ်ပေးခင် ၁၆လကျော် ဆက်နေထိုင်ခွင့်ပြုလိုက်ကြောင်း ထိုင်းအစိုးရသစ် အောက်တိုဘာလ ၃ရက်နေ့တွင် အတည်ပြုထုတ်ပြန်လိုက်သည်။

ပြီးခဲ့သော ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံမှ တရားမဝင် အလုပ်သမားများကို ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ယာယီနေထိုင်အလုပ်လုပ်ခွင့်လက်မှတ် ပန်းရောင် ဘတ်ကတ် လျှောက်ရန် အလုပ်ရှင်မှတစ်ဆင့် အမည်စာရင်းတင်သွင်းခွင့်ပြုခဲ့သည်။

အမည်စာရင်းသွင်းသူများကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ နေထိုင်လုပ်ကိုင်ခွင့်ပြုထားပြီး ယခု အောက်တိုဘာလ ၃ ရက်နေ့ ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ နေထိုင်လုပ်ကိုင်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။  

ပန်းရောင်ဘတ်ကတ် ပြုလုပ်ရန်အတွက် အမည်စာရင်းတင်သွင်းထားသည့် အလုပ်သမား ၁ သန်းကျော်အထိ ရှိလာသည့်အတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ နေထိုင်ခွင့် သက်တမ်းတိုးပေးကြောင်း ဖော်ပြထားသည်။

သက်တမ်းတိုးနေထိုင်ခွင့်ပြုခဲ့သော်လည်း အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ထုတ်ပေးမည့် လုပ်ငန်းစဉ်များကို အတိအကျ ဖော်ပြထားခြင်း မရှိသေးကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က အလုပ်သမားရေးရာ တာဝန်ခံ ကိုမင်းမင်းဦးက ပြောသည်။

“ထုတ်ပြန်ချက်မှာက လူသစ်သမားတွေ ဘယ်နေ့မှာ ဘာအတိအကျလုပ်ရမယ်ဆိုတာတော့ ထည့်မပြောသေးဘူး။ အဓိက ဆေးစစ်တာတို့ ဘာတို့လုပ်ဖို့ပေါ့နော်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလက ထိုင်းနိုင်ငံသို့ တရားဝင် လာရောက်လုပ်ကိုင်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ သက်တမ်းကုန်မည့် MoU အလုပ်သမားများကိုလည်း ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ သက်တမ်းတိုး လုပ်ကိုင်ခွင့်ပြုထားကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း တရားဝင်လုပ်ကိုင်နေသော အလုပ်သမားများနှင့် ပန်းရောင်ကတ်အလုပ်သမားများ၏ အလုပ်လုပ်ခွင့် ဗီဇာကြေးကိုလည်း ဘတ် ၂၀၀၀ မှ ၅၀၀ သို့ လျှော့ချပေးထားကြောင်း ဖော်ပြထားသည်။