တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1052

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ

၂နှစ်ခွဲကျော်ကာလမှာ ကလေးငါးရာနီးပါး သေဆုံးခဲ့ရ

အာဏာသိမ်းပြီး ၂နှစ်ခွဲကျော်ကာလမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၈နှစ်အောက် ကလေး ၄၉၁ဦး သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။

အောက်တိုဘာလ ၄ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ NUG ဘက်က အခုလို ပြောဆိုလိုက်တာပါ။ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အများဆုံးသေဆုံးခဲ့ရသလို ကျေးရွာတွေကို စီးနင်းချိန်နဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲတာတွေကြောင့်လည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာ ပိုမိုများပြားလာပြီး အခုနှစ်အတွင်းမှာ စာသင်ကျောင်း ၁၂၀ နီးပါး၊ ဆေးခန်း ၃၉၀ ကျော်လည်း ဖျက်ဆီးခံခဲ့ရတယ်လို့ NUG ဘက်က ပြောပါတယ်။ ဒါ့ကြောင့် စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ တူးပြီး စာသင်နေရတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာနဲ့ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေဟာ ကလေးငယ်အများအပြား သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေပါ။

ဒါ့အပြင် အာဏာသိမ်းကာလအတွင်းမှာ CDM ကျန်းမာရေးဝန်ထမ်း တစ်ရာကျော်လည်း အသတ်ခံရတယ်လို့ NUG ဘက်က ပြောပါတယ်။

……………………………………

စစ်ကောင်စီဥက္ကဋ္ဌနဲ့ KNU ဥက္ကဟောင်းတွေ့ဆုံမှု ရှုပ်ထွေးမှုတွေဖြစ်အောင်လုပ်တာလို့ KNU တုံ့ပြန်

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ တွေ့ဆုံမှုမှာ KNU နဲ့ ပက်သတ်မှုလုံးဝ မရှိဘူးလို့ KNU က ထုတ်ပြန်လိုက်ပါတယ်။

စောမူတူးစေးဖိုးတို့နဲ့အတူ KNU ဗဟိုအလုပ်အမှုဆောင်ဟောင်း ပဒိုစောရောဂျာခင်၊ ဒူးပလာယခရိုင် ဥက္ကဋ္ဌကနေ အနားယူထားတဲ့ ပဒိုစောရွှေမောင်းတို့ နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စက်တင်ဘာလ ၃ဝရက် နေ့မှာ တွေ့ဆုံခဲ့ကြတာပါ။

အခုလို တွေ့ဆုံမှုဟာ KNU အတွင်း ရှုပ်ထွေးမှုတွေဖြစ်အောင် စစ်ကောင်စီက လုပ်တာဖြစ်ပြီး အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ မဟာမိတ်အင်အားစုတွေ ကြား နားလည်မှုလွဲအောင် လုပ်တာလို့လည်း KNU က တုံ့ပြန်ပါတယ်။

KNU အနေနဲ့က အာဏာသိမ်းထားတဲ့ စစ်ကောင်စီတပ်နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ လုံးဝမရှိဘူးလို့ ဆိုပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တဲ့ ၈နှစ်ပြည့် အခမ်းအနားကို လက်မှတ်ထိုးခဲ့တဲ့ ခေါင်းဆောင်တွေ တက်ရောက်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေပါတယ်။ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဟာ NCA မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးပါ။

……………………………………

စစ်ကောင်စီကို လက်နက်ရောင်းတယ်ဆိုပြီး အင်ဒိုနီးရှားလက်နက်ကုမ္ပဏီတွေ တိုင်ကြားခံရ

မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချနေတဲ့အတွက် အင်ဒိုနီးရှား လက်နက်ကုမ္ပဏီသုံးကို စုံစမ်းစစ်ဆေးပေးဖို့ အင်ဒိုနီးရှားလူ့အခွင့်အရေးကော်မရှင်ဆီကို မြန်မာ့အရေးဆောင်ရွက်သူတွေက တိုင်ကြားတောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီတွေဖြစ်တဲ့ PT Pindad၊ PT PAL၊ PT Dirgrantara Indonesia တို့ဟာ မြန်မာ စစ်ကောင်စီကို လက်နက်ခဲယမ်းတွေ ရောင်းချနေကြတာလို့ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရူစမန်၊ လန်ဒန် အခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံတာဝန်ခံမှုစီမံချက် (MAP) နဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တို့က စာပေးပို့ တောင်းဆိုထားတာပါ။

ဒီကုမ္ပဏီတွေဟာ မြန်မာစစ်ကောင်စီတပ်ကို ပစ္စတိုသေနတ်၊ ချေမှုန်းရေး ရိုင်ဖယ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ တိုက်ခိုက်ရေးသုံးယာဉ်တွေ အပါအဝင် လက်နက်ခဲယမ်းတွေကို အရောင်းမြှင့်တင်တာ၊ ရောင်းချတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ရောင်းချမှုကို စစ်ကောင်စီ စီမံဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်ရဲ့သား ဦးထူးထူးရှိန်ဦး ပိုင်ဆိုင်တဲ့ True North Company Limited က ကြားခံပွဲစားအဖြစ် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

လက်နက်ကုမ္ပဏီတွေဘက်ကတော့ မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

……………………………………

သဘာဝဓာတ်ငွေ့လုပ်ငန်း ထိုင်း PTTEP သက်တမ်းတိုးမယ်

စွမ်းအင်လုပ်ငန်းတွေ သပိတ်မှောက်ခံနေရပေမယ့် ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP က မြန်မာနိုင်ငံမှာ လုပ်ကိုင်တဲ့ သဘာဝဓာတ်ငွေတွင်းလုပ်ကွက်နှစ်ခု စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေပါတယ်။

PTTEP ကုမ္ပဏီအမှုဆောင်အရာရှိချုပ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းက အောက်တိုဘာလ ၃ ရက်မှာ ဖော်ပြတာပါ။

အဲဒီထဲက လုပ်ကွက်တစ်ခုဟာ ၂ဝ၂၈ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး နောက်တစ်ကွက်ကတော့ နောက်နှစ် ၂ဝ အတွင်း သက်တမ်းကုန်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီ စီမံကိန်း နှစ်ခုရဲ့ ထုတ်လုပ်နိုင်စွမ်းက မြန်မာ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံ လျှပ်စစ်လိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းနိုင်တယ်လို့ သူက ပြောပါတယ်။

စွမ်းအင်လုပ်ငန်းတွေကနေ စစ်ကောင်စီ နိုင်ငံခြားဝင်ငွေတွေရရှိနေတာကြောင့် စစ်ကောင်စီနဲ့ ပူးပေါင်း လုပ်ဆောင်နေတာတွေ ရပ်တန့်ဖို့ သပိတ်မှောက်တောင်းဆိုနေကြချိန်မှာပဲ PTTEP က သက်တမ်းတိုးဖို့ လုပ်နေတာဖြစ်ပါတယ်။

……………………………………

လျှပ်စစ်ကား အားသွင်းချိန်မီးလောင်

ရန်ကုန်မှာ တရုတ်ထုတ် လျှပ်စစ်ကား အားသွင်းနေချိန်မှာ မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ အောက်တိုဘာလ ၅ရက်နေ့ ညပိုင်းက EV လို့ အတိုကောက်ခေါ်တဲ့ လျှပ်စစ်ကားတစ်စီး အားသွင်းထားချိန်မှာ ဘက်ထရီအပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့တာပါ။

မြန်မာနိုင်ငံက ကားကုမ္ပဏီကတော့ ထုတ်လုပ်မှုပုံစံ ချွတ်ယွင်းချက်ကြောင့်မဟုတ်ဘဲ ကားပိုင်ရှင် သဘောဆန္ဒနဲ့ ပြောင်းလဲတပ်ဆင်မှုကြောင့်ပဲ ဖြစ်တယ်လို့ ထုတ်ပြန်ရှင်းလင်းထားပါတယ်။

လျှပ်စစ်မီး ပုံမှန်မရတဲ့ အခြေအနေမှာ တရုတ်ထုတ် လျှပ်စစ်ကားတွေကို စစ်ကောင်စီလက်ထက်မှာ ဦးစားပေး မူဝါဒအဖြစ် ချမှတ် တင်သွင်းနေတာဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်တွေလည်း ပေးထားပါတယ်။

အခုကားမီးလောင်မှုကို မီးငြှိမ်းသတ်ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဓာတ်ပုံမှတ်တမ်းတွေနဲ့ ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပို့စ်ကို ပြန်လည်ဖြုတ်ချသွားပါတယ်။

……………………………………