ထားဝယ်ဒေသက PDF စခန်းများ အသိမ်းခံလာရခြင်း

0
13798

စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရန် လမ်းတွင်စောင့်ဆိုင်းနေချိန် စစ်ကောင်စီတပ်က PDF တပ်စခန်းကို ဝင်စီးထားလေပြီ။

ထားဝယ် အရှေ့မြောက်ဘက် ရေဝိုင်းရွာဖက်ကို ကားဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရန် ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF က စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ယင်းလမ်းအတိုင်း လာဟန်ပြပြီး အခြားလမ်းမှပတ်ကာ DRGF စခန်းကို ဝင်စီးခဲ့သည်။

ယင်းသို့စီးနင်းထားသည်ကို မသိဘဲ စခန်းသို့ ပြန်ပြီး အစားအသောက်ယူသည့် ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရသည်။

DGRF စခန်း စီးနင်းခံရမှုသည် ထားဝယ်ခရိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF စခန်းများ ဆက်တိုက် စီးနင်းခံရမှု ဖြစ်ရပ်များထဲက တစ်ခုဖြစ်သည်။ PDF တပ်ဖွဲ့ လေးခုထက်မနည်း၏ တပ်စခန်းများ စက်တင်ဘာလ လကုန်ပိုင်းတွင် သိမ်းပိုက်ခံခဲ့ရခြင်းဖြစ်သည်။

စခန်းများ မည်သည့်အကြောင်းအရင်းကြောင့် ဆက်တိုက်အသိမ်းခံနေရခြင်းဖြစ်သနည်း။

စစ်ကြောင်းဝင်ခြင်း

စစ်ကောင်စီက ပြန်လုပ်ဖို့ ကြိုးပမ်းနေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်၊ သတ္တုမိုင်းများ၊ ရေအားလျှပ်စစ်စီမံကိန်း၊ ထိုင်းနှင့် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းရှိသည့်အပြင် ပထဝီအနေအထားအရအရေးပါသည့် ထားဝယ် အရှေ့တောဒေသရှိသည့် ထားဝယ်ခရိုင်ကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည်။

ယခုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာသည်။

စက်တင်ဘာ ၂၀ ရက်နေ့မှ ၃၀ ရက်အတွင်း ထားဝယ်ခရိုင်ထဲက ထားဝယ်အရှေ့တောဒေသ၊ သရက်ချောင်း၊ ရေဖြူ၊ ကလိန်အောင်တို့ကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ကြားဖြတ်တိုက်ရန်စောင့်သူများ ပြန်တိုက်ခံရခြင်း

စက်တင်ဘာ ၂၁ ရက်တွင် ရေနက်ဆိပ်ကမ်း ကင်းတံတားမှ ရေဖြူမြို့နယ် ခမောင်းချောင်းရွာဖက်ကို စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ကို တနင်္သာရီအနာဂတ်အလင်း-TPDF နှင့် ထားဝယ်ကာကွယ်ရေးတပ် DDT တပ်ခွဲ (၃) က ကင်းပုန်းဝပ်ကာ စောင့်ဆိုင်း နေခဲ့သည်။

ယင်းသို့စောင့်ဆိုင်းနေချိန်တွင် ထမင်းထုပ်သွားယူသည့် TPDF တပ်ဖွဲ့ဝင်နှစ်ဦးနှင့် DDT ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ကြောင်း အဆိုပါနယ်မြေတွင် လှုပ်ရှားနေသည့် မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသော်လည်း ရဲဘော်လေးဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်စစ်ကြောင်းလာမည့် ရေဖြူမြို့နယ် ဧကနိနှင့် ခမောင်းချောင်းရွာကြားတွင် ကြိုတင်စောင့်နေသည့် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့YPDF က ဒရုန်းတပ်ဖွဲ့တိုက်ခိုက်ခံရပြန်သည်။

YPDF ရဲဘော်တစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း မြေပြင်ရှိ PDF ရဲဘော်က ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ YPDF တပ်ဖွဲ့ထံ Dawei Watch က ဆက်သွယ်မေးမြန်းခဲ့ရာ သတင်းထုတ်ပြန်ပြီးမှသာ ပြောဆိုမည်ဟု ဖြေကြားသည်။

စခန်းများ တိုက်ခိုက်ခံရခြင်း

စက်တင်ဘာလ ၂၃ ရက်တွင် ခမောင်းချောင်းရွာအနီးတဝိုက်ကို စစ်ကြောင်းထိုးရှာဖွေပြီး ဒေသခံ ၁၁ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခဲ့သည်။

ယင်းအနက်နှစ်ဦးကို တနင်္သာရီအနာဂတ်အလင်း TPDF စခန်းအား လိုက်ပြခိုင်းပြီး စခန်းကို စီးနင်းခြင်းဖြစ်ကြောင်း မြေပြင်ရှိ PDF ရဲဘော်အချို့က ပြောဆိုသည်။

လမ်းပြခေါ်လာသူ နှစ်ဦးအနက် တစ်ဦးအသတ်ခံရပြီး ကျန်တစ်ဦးမှာ သတင်းအစအန ပျောက်နေကြောင်းလည်း ၎င်းတို့က ဆိုသည်။

စခန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ TPDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သော်လည်း ဆက်သွယ်၍ မရသေးသလို TPDF ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မတွေ့ရသေးပေ။

ယင်းနေ့တွင်ပင် သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာအနီးက သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၏ PDF စခန်းတစ်ခု အသိမ်းခံရကြောင်း ဒေသခံအချို့က ပြောသည်။

နောက်တစ်ရက် စက်တင်ဘာလ ၂၄ရက် နံနက် ၇နာရီဝန်းကျင်တွင်လည်း ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ DGRF စခန်းတိုက်ခိုက်ခံရသည်။

စစ်ကောင်စီတပ်စစ်ကြောင်း ရေဝိုင်းရွာဖက်သို့ ဦးတည်လာပြီဟု သတင်းရချိန်တွင် စခန်းရှိ တပ်ဖွဲ့ဝင်များ၊ လက်နက်ခဲယမ်းများကို ရွှေ့ပြောင်းလိုက်ကြောင်း DGRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းနောက် DGRF က စစ်ကောင်စီတပ်လာမည့်လမ်းတွင် စောင့်ဆိုင်းနေချိန် ယင်းလမ်းအတိုင်းလာကြောင်း စစ်ကောင်စီတပ်က အရိပ်အယောင်ပြထားပြီး တပ်ဖွဲ့အင်အား ၂၀ ဝန်းကျင်က နောက်တစ်လမ်းမှ DGRF စခန်းကို ဝင်စီးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအချိန်တွင် ဒဏ်ရာရ ရဲဘော်များအတွက် စခန်းတွင် ကျန်ခဲ့သည့် စားသောက်ဖွယ်ရာများကို ရဲဘော်နှစ်ဦး သွားယူချိန် စစ်ကောင်စီတပ်က စခန်းတွင် ရောက်နှင့်နေပြီဖြစ်ကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

“(စခန်းသို့ စစ်ကောင်စီတပ် ဝင်သွားသည့်လမ်း) အဲဒီဘက်မှာကလည်း တခြား (PDF) အဖွဲ့ တပ်ရင်းတစ်ခုရှိတယ်။ ကျွန်တော်တို့လည်း ကံကို ယုံတယ်ဆိုပဲ ပြောရမလား။ ဟိုဘက်က အဖွဲ့ရှိတယ်ဆိုတော့ ကျွန်တော်တို့လည်း ပေါ့ပေါ့ပဲ” ဟု ၎င်းက ပြောသည်။

စခန်းသို့ပြန်သွားသည့် ရဲဘော်နှစ်ဦးမှာ အသတ်ခံလိုက်ရကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ကျွန်တော်တို့မှာ ဒဏ်ရာရထားတဲ့ ရဲဘော်နဲ့ဆိုတော့ ဒဏ်ရာရရဲဘော်အတွက် စားသောက်ဖို့လိုတယ်ဆိုတော့ သူတို့ နှစ်ယောက်ကို လွှတ်လိုက်တယ်။ အဲ့ဒီမှာ (စစ်ကောင်စီတပ်) က စခန်းကိုရောက်နေတာ မသိဘူး။ အဲဒါနဲ့ သွားတိုး သွားတယ်ပေါ့ဗျာ။ (အလောင်းကို) တဲပေါ်မှာတင်ပြီးတော့ မီးနဲ့ ရှို့ရစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

စခန်းကြိုတင် ရွှေ့ထားသဖြင့် လက်နက်ခဲယမ်းများနှင့် ရိက္ခာများ မဆုံးရှုံးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ရဲဘော်နှစ်ဦးစခန်းသို့ပြန်ပြီး နာရီဝက်ခန့်အကြာ DGRF တပ်ဖွဲ့ဝင်များ ထပ်လိုက်သွားချိန်တွင် စခန်းမှာ မီးရှို့ခံထားရပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စခန်းမီးရှို့ပြီး ပြန်လည်ထွက်ခွာလာသည့် စစ်ကောင်စီတပ်နှင့် DGRF တပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့သေးပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှု ရှိမရှိကိုမူ မသိရဟုဆိုသည်။

နောက်တစ်ရက် စက်တင်ဘာ ၂၅ ရက်တွင် ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်၏ စခန်းတစ်ခု သိမ်းခံရကြောင်း မြေပြင်ရဲဘော်အချို့က ဆိုသည်။

အဆိုပါစခန်းသိမ်းခံရမှုနှင့် ပတ်သက်၍ ရွှဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေသော်လည်း အဆက်အသွယ်မရသေးပေ။

စက်တင်ဘာလ ၂၆ ရက်တွင်လည်း ရေဖြူမြို့နယ် ဧကနိရွာနှင့် ဝဇွမ်းတောရွာကြားရှိ ရေဖြူမြို့နယ် (ပကဖ) အဖွဲ့ဝင် ဇင်ယော်တပ်စခန်း အသိမ်းခံခဲ့ရသည်။

ရေဖြူမြို့နယ်ကို စစ်ကောင်စီတပ် ဝင်ရောက်နေသည့်အချိန်တွင် ဇင်ယော်တပ်စခန်းကို ကြိုတင်ပြောင်းရွေ့ထားသဖြင့် လူထိခိုက်မှုမရှိကြောင်း ပကဖ ရဲဘော်တစ်ဦးက ပြောဆိုသည်။

“အခုဝင်လာတဲ့အခေါက်မှာတော့ ရွာသားတွေကို အဓိကပစ်မှတ်မဟုတ်ဘဲနဲ့ စခန်းကိုအဓိက ပစ်မှတ်ထားဝင်လာတဲ့ ပုံစံပဲ။ ဆုံးရှုံးမှုကတော့ အများကြီးပဲပေါ့။ စခန်းသိမ်းခံထိပြီဆို တချို့ပစ္စည်းတွေက ရှာရခက်တာတွေ အများကြီး ရှိ တယ်။ တခြားလူတွေနဲ့စာရင် ကြိုတင်ပြင်ဆင်ထားတဲ့အတွက်နည်းနည်းတော့သက်သာတယ်” ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ ၃၀ ရက်က ကလိန်အောင်မြို့အနီး ကျောက်ရှပ်နှင့် ရေပုံးရွာအကြား နွယ်လီချောင်းဖျားရှိ ဥယျာဉ်ခြံ တဲတစ်လုံးတွင် Spring Dhamma တပ်ဖွဲ့ဝင် ၄ ဦးရှိနေချိန် စစ်ကောင်စီတပ်က ဝင်ဝိုင်းပြန်သည်။

တဲကိုဝင်ဝိုင်းချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး Spring Dhamma တပ်ဖွဲ့က သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်လင်းယုန်နှင့် ဗိုလ်မီးပွား ကျဆုံးကာ လက်နက်ခဲယမ်းအချို့လည်း ဆုံးရှုံးခဲ့ကြောင်း အထက်ပါအဖွဲ့မှ တာဝန်ရှိသူက Dawei Watch သို့ ပြောဆိုထားသည်။

စခန်းများအသိမ်းခံရသည့် အကြောင်းအရင်း

စခန်းများ အသိမ်းခံရခြင်းမှာ အချက်နှစ်ချက်ကြောင့်ဟု PDF ရဲဘော်အချို့က ဆိုသည်။ စစ်ကောင်စီဗျူဟာ ပြောင်းလာခြင်းနှင့် PDF အချင်းချင်းကြား မညီညွတ်ခြင်းကြောင့်ဟုပင်။

ယခင်က စစ်ကြောင်းထိုးလျှင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ ကားလမ်း၊ ရွာလမ်းအတိုင်း လာတတ် သည့် စစ်ကောင်စီတပ်ဖွဲ့သည် ယခုနောက်ပိုင်းတွင် တောလမ်း၊ တောင်ကြောလမ်းများကို အသုံးပြုကာ ပေါ်လိုက် ပျောက်လိုက်ပုံစံဖြင့် ပြောက်ကျားစစ်သုံးပြီး ထိုးစစ်ဆင်လာကြောင်း ဆိုသည်။

“လက်နက်အင်အား၊ လူအင်အား သာလွန်အင်အားနဲ့ထိုးတာ။ ပြီးတော့ သူတို့က ပြောက်ကျားစနစ်သုံးနေတယ်။ လူသိမခံဘဲ သူတို့က တိတ်တိတ်လေး တိတ်တိတ်လေး ဝင်တယ်။ အရင်တုန်းကဆို ပစ်ပစ်ပြီးဝင်တယ်လေ။ ကျွန်တော်တို့ဘက်က အားနည်းချက်က စုစည်းမှုအားနည်းတာပေါ့” ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။

ထားဝယ်ခရိုင်တွင် တော်လှန်ရေးတပ်ဖွဲ့များပြားသော်လည်း စည်းလုံးညီညွတ်မှု မရှိကြသဖြင့် စခန်းများ အသိမ်း ခံလာရခြင်းဖြစ်ကြောင်း DGRF ပြန်ကြားရေးတာဝန်ခံနှင့် PDF ရဲဘော်အချို့က ထောက်ပြသည်။

စုစည်းညီညွတ်လျှင် အင်အားသာလွန်သော်လည်း လက်ရှိတွင် မညီညွတ်သဖြင့် လက်နက်အင်အား၊ လူအင်အား လိုအပ်ချက် များလာကြောင်း DGRF ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

“အားလုံးပေါင်းပြီး တိုက်မယ်ဆိုရင် ကျွန်တော်တို့အင်အားက (စစ်ကောင်စီတပ်) သူတို့ထက်ကိုသာတယ်။ ဒါပေမဲ့ အခုက စစ်တပ် ဝင်လာပြီဆိုရင် တချို့အဖွဲ့က အလုပ်လုပ်တယ်။ တချို့အဖွဲ့က အလုပ်မလုပ်ဘူး။ အဖွဲ့နှစ်ဖွဲ့ လောက်က ရှောင်တယ်ဆိုတော့ လက်နက်အင်အား မလုံလောက်ဘူး။ အားလုံးပေါင်းပြီး တိုက်မယ်ဆိုရင် စစ်ကောင်စီ တပ်ကို တားနိုင်တာပေါ့။ အဓိကတော့ မညီညွတ်လို့ပေါ့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က PDF တပ်ဖွဲ့များအချင်းချင်း စုစည်းညီညွတ်မှု မရှိဘူးဆိုသည့် အားနည်းချက်ကိုသိသဖြင့် ယင်းဒေသများကိုဖိကာ မိုးမကုန်ခင်အပြီး နယ်မြေရှင်းလင်းလာခြင်း ဖြစ်နိုင်ကြောင်း DGRF ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ထားဝယ်ခရိုင်သည် တော်လှန်ရေးတွင် အားကောင်းသည့်ဒေသဖြစ်သော်လည်း မညီညွတ်မှုကတော့ ခြိမ်းခြောက်နေလေပြီ။

ထားဝယ် အရှေ့တောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အောက်ပါအတိုင်း သတိပေးစကား ဆိုလေသည်။

“မညီညွတ်ရင်၊ စကစဗျူဟာမသိရင်တော့ နောက်ထပ်စခန်းတွေလည်း ထပ်ကျဖို့မြင်နေရတယ်”