တနင်္သာရီ ထုံခါအကျဥ်းစခန်းအနီး တိုက်ပွဲဖြစ်

0
3262
ဓာတ်ပုံ - ကော်သူးလေတပ်မတော်(KTLA-tcjf)

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ထုံခါရွာအနီးတွင် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများ ထံမှသိရသည်။

ယနေ့ (အောက်တိုဘာ ၅) နံနက် ၉ နာရီခွဲဝန်းကျင်မှ စတင်ပြီး ၁ နာရီနီးပါးအကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်သံများလည်း ကြားရကြောင်း ဒေသခံများကပြောသည်။

“ကော်သူးလေအဖွဲ့က အကျဥ်းစခန်းကိုဝင်ပစ်တယ်။ ဟိုဖက်(စစ်ကောင်စီဖက်)မှာ အထိအခိုက်ရှိတယ် ကြားရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ထုံခါရွာအနီး ဆင်ဖြူရှင်(၄) ရဲဘက် အကျဥ်းစခန်းကို ကော်သူးလေအာမီ(KTLA) ထီးစမယ်ရွာတပ်ရင်း တပ်ခွဲ(၄)နှင့် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KTLA-tcjf-Tanintharyi တပ်ဖွဲ့က ယနေ့ညနေတွင် ထုတ်ပြန်ထားသည်။

တစ်နာရီနီးပါးအကြာ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သေဆုံးဒဏ်ရာရမှု အရေအတွက်နှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယင်းအပြင် အကျဥ်းစခန်းရှိ ကင်းတဲသုံးလုံးလည်း ပျက်စီးသွားပြီး ပူးပေါင်းအဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်ဆုတ်ခွါနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာ(မောတောင်) ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်ခွန်းကျေးရွာအုပ်စုအတွင်း ယခင်ကလည်း နှစ်ဖက်တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးသည်။