တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1191

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ

မြောက်ကိုရီးယားကို ထွက်ပြေးခဲ့သော အမေရိကန်စစ်သား နေရပ်ပြန်ရောက်

မြောက်ကိုရီးယားကနေ အမေရိကန်စစ်သား Travis King ကို တရုတ်နယ်မြေကတဆင့် ထွက်ခွာဖို့ ခွင့်ပြုခဲ့ပြီး တောင်ကိုးရီးယား ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ထရာ့ဗစ်ကင်းဟာ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်စစ်စခန်းကနေ အမေရိကန်နိုင်ငံ ကို စက်တင်ဘာ ၂၈ ရက်နေ့က ပြန်ရောက်လာပြီလို့ ဆိုထားပါတယ်။

ဒါကို အမေရိကန်သမ္မတ အိမ်ဖြူတော်က တရုတ်အစိုးရ နဲ့ ဆွီဒင်အစိုးရတို့ကို စက်တင်ဘာလ ၂၇ ရက်နေ့က ကျေးဇူးတင်စကား ပြောလိုက်တာပါ။

ဆွီဒင်တာဝန်ရှိသူတွေက အမေရိကန်စစ်သား ထရာဗစ်ကင်းကို မြောက်ကိုရီးယား နဲ့ တရုတ်နယ်စပ် ကို ခေါ်ဆောင်လာခဲ့ကြတာပါ။

သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လက တောင်းကိုးရီယားမှတဆင့် နယ်စပ်မျဉ်းကို ဖြတ်၍ မြောက်ကိုးရီးယားထဲ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

Ref: CNN

………………………………..

အီရတ် မင်္ဂလာပွဲ မီးလောင်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံး

အီရတ်နိုင်ငံမြောက်ပိုင်း Nineveh ပြည်နယ်မှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲခန်းမတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူ ၁၅၀ ကျော်လည်း ဒဏ်ရာရရှိခဲ့တာပါ။

မီးလောင်တဲ့ မြင်ကွင်းမှာတော့ မင်္ဂလာခန်းမဆောင် ခေါင်မိုးကနေ စတင်ခဲ့တဲ့ မီးတောက် မီးလျှံတွေကြောင့် မျက်နှာကျက်တွေ အောက်သို့ ပြုတ်ကျခဲ့တာ တွေ့ရပါတယ်။

မီးလောင်တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေမဲ့ မီးရှူး မီးပန်းတွေကြောင့် မီးလောင်မှု ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။

မီးလောင်မှုထဲ အသက်မသေဘဲ ကျန်ရစ်သူတွေကိုတော့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ခံယူဖို့ အနီးကဆေးရုံတွေဆီ ပို့ဆောင်ခဲ့ကြပါတယ်။

Ref: CNN

………………………………..

ဒေါ်နယ်ထရမ့်ကို ငွေကြေးလိမ်လည်မှု ကျူးလွန်ခဲ့တယ်လို့ တရားရုံးအမိန့်ချ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ငွေကြေး လိမ်လည်မှုကျူးလွန်ခဲ့တယ်လို့ နယူးယောက်တရားသူကြီး အာသာ အင်ဂိုရွန်က စက်တင်ဘာလ ၂၆ ရက်နေ့က စီရင်ချက် ချလိုက်ပါတယ်။

နယူးယောက်ရှေ့နေချုပ် လက်တီးရှားဂျိမ်းက ထရမ့်အပေါ် တရားစွဲဆိုခဲ့တဲ့ အမှုကို စီရင်ချက်ချခဲ့တာပါ။

ရှေ့နေက ထရမ့်နဲ့ သူပိုင်တဲ့ လုပ်ငန်းစုဟာ ဘဏ်တွေ၊ အာမခံကုမ္ပဏီတွေနဲ့ တခြားသူတွေအပေါ် လိမ်လည် လှည့်ဖြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီစီရင်ချက်က အစိုးရရှေ့နေဘက်က စွဲဆိုခဲ့တဲ့ အဓိကအချက်အတွက် စီရင်ချက် ဖြစ်ပြီး နောက်ထပ် အချက် ၆ ချက် စီရင်ချက်ချဖို့ကျန်နေပါသေးတယ်။

နယူးယောက် ရှေ့နေချုပ်ကတော့ ထရမ့်အပေါ် ဒဏ်ငွေဒေါ်လာ သန်း ၂၅၀ နဲ့ သူ့ရဲ့ပြည်နယ် နယူးယောက်မှာ စီးပွားရေးလုပ်ကိုင်ခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုထားတာပါ။

Ref: AP

………………………………..

နယ်သာလန်တွင် သေနတ်ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်မိန်းကလေးအပါအဝင် ၃ ဦးသေဆုံး

နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့ က တိုက်ခန်းတစ်ခု နဲ့ဆေးရုံကို စက်တင်ဘာလ ၂၈ ရက်နေ့က သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

တိုက်ခန်းတစ်ခုကို ပစ်ခတ်မှုမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့ပြီး နဲ့ ၁၄ နှစ်အရွယ် သမီးဖြစ်သူက ဒဏ်ရာပြင်းထန်ခဲ့လို့ နောက်ပိုင်း သေဆုံးခဲ့ပါတယ်။

နောက် တက္ကသိုလ်ဆေးရုံရဲ့ စာသင်ခန်းထဲ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အသက် ၄၃ နှစ်အရွယ် အမျိုးသားကထိကတစ်ဦး သေဆုံးခဲ့ပါတယ်။

သေနတ်သမားကိုတော့ ဆေးရုံအနီးမှာ ဖမ်းဆီးရမိခဲ့တာပါ။

သေနတ်သမားဟာ ဒီတက္ကသိုလ်ရဲ့ ကျောင်းသားတစ်ဦးဖြစ်သလို ပစ်ခတ်ခဲ့တဲ့ နေအိမ်တည်ရှိရာ ရပ်ကွက်မှာပဲနေထိုင်တဲ့သူလို့ ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့ပါတယ်။

Ref: The Guardian

………………………………..

ဆယ်နှစ်အတွင်း တောင်ကိုးရီးယားတွင် ပထမဆုံးစစ်ရေးပြ

မြောက်ကိုရီးယားနဲ့ တင်းမာနေချိန် တောင်ကိုရီးယားနိုင်ငံမှာ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်ရေးပြပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

တင့်ကားတွေ၊ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့အတူ ကိုရီးယားစစ်တပ်ဖွဲ့ဝင် ၄ ထောင်နီးပါး ဆိုးလ်မြို့တော်အတွင်း လှည့်လည်ချီတက် စစ်ရေးပြခဲ့ကြတာပါ။

ဒီစစ်ရေးပြပွဲကို ၂၀၁၃ ခုနှစ်က နောက်ဆုံးကျင်းပခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာပြီးနာက် ပြန်လည် ကျင်းပလာတာဖြစ်ပါတယ်။

ကိုရီးယားတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို သမ္မတ ယွန်းဆွတ်ယို ကစီစဉ်ခဲ့တာဖြစ်ပြီး မြောက်ကိုးရီယားအရေး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Ref: CNN

………………………………..

ဘုရင်ကို စော်ကားမှုဖြင့် ထိုင်းနိုင်ငံရေးသမားတစ်ဦး ထောင် ၄ နှစ်ချမှတ်ခံရ

ထိုင်းဘုရင်ကို စော်ကား သိက္ခာချမှုနဲ့ နိုင်ငံရေးတက်ကြွသူတစ်ဦးကို စက်တင်ဘာ ၂၆ ရက်နေ့က ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို အကာအကွယ်ပေးတဲ့ ဥပဒေကို အကြီးအကျယ် ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားကပဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အာနွန်နမ်ပါ (Anon Nampa) ကို ထောင်ဒဏ် ချမှတ်လိုက်တာပါ။

ဒီထောင်ဒဏ်ချမှတ်ခဲ့လို့ ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုအပေါ် အသရေဖျက်မှုဆိုင်ရာ အငြင်းပွားစရာ ဥပဒေကို ဆက်သုံးသွားနေတယ်လို့ ပြသနေသလို ဖြစ်နေပါတယ်။

ဒီဥပဒေကို ပြင်ဆင်ပြောင်းလဲမယ်လို့ ကတိပြုခဲ့တဲ့ Move Forward ပါတီကလည်း ရွေးကောက်ပွဲအနိုင်ရရှိခဲ့ပေမဲ့ အစိုးရဖွဲ့နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

Ref: Thai PBS World

………………………………..

နဂိုနို-ကရာဘတ်မှာ လောင်စာဆီသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် လူ ၆၀ ကျော်သေဆုံး

အဇာဘိုင်ဂျန်ရဲ့ နဂိုနို-ကရာဘတ်ဒေသက လောင်စာဆီ သိုလှောင်ရုံတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူ ၆၈ ဦး ရှိလာခဲ့ပါတယ်။

ပေါက်ကွဲမှုက စက်တင်ဘာလ ၂၅ ရက်နေ့က သူပိုင်ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ နဂိုနို-ကရာဘတ် ဒေသ မြို့အပြင်ဘက်မှာ ဖြစ်ပွားခဲ့တာပါ။

နဂိုနို-ကရာဘတ်ဒေသကို အဇာဘိုင်ဂျန် စစ်တပ်ဖွဲ့ဝင်တွေက သိမ်းပိုက်လိုက်အပြီး ဒေသခံ အာမေးနီးယား လူမျိုးစုတွေ ထွက်ပြေးခဲ့ကြချိန်မှာပဲ အခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အာမေးနီးယား ၂၈၀၀၀ ကျော်အထိ နိုင်ငံအတွင်း ဝင်ရောက်ခဲ့ပြီလို့ အာမေးနီးယားအာဏာပိုင်တွေကတော့ ဆိုထားပါတယ်။

Ref: Aljazeera

………………………………..

ဟယ်ရီပေါ်တာရုပ်ရှင်ရဲ့ ဒန်ဘယ်လ်ဒေါ် ကွယ်လွန်

နာမည်ကြီး ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်လမ်းတွဲထဲက ပရော်ဖက်ဆာ ဒန်ဘယ်လ်ဒေါ် လို့ လူသိများတဲ့ အင်္ဂလိပ်မင်းသားကြီး Sir Michael Gambon ဟာ စက်တင်ဘာ ၂၈ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

သူကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်အရွယ်ရှိနေပြီး ပြဇာတ်သရုပ်ဆောင်အဖြစ်စတင်ခဲ့တဲ့ အနုပညာသက်တမ်း နှစ် ၆၀ ရှိနေခဲ့ပါပြီ။

သူ့ရဲ့ သရုပ်ဆောင်ပညာရပ်မှာ ထူးချွန်မှုကြောင့် ၁၉၉၈ ခုနှစ်မှာ အင်္ဂလန်ဘုရင်မကြီးကလည်း ချီးမြှင့်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မှတ်ဉာဏ်ချို့ယွင်းမှုကြောင့် ၂၀၁၅ ခုနှစ်မှာ ပြဇာတ်သရုပ်ဆောင်ဘဝက အနားယူခဲ့ပြီး ရုပ်ရှင်မင်းသားအဖြစ် ၂၀၁၉ အထိ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

Ref: CNN

………………………………..

နာဆာက အာကာသယာဉ်မှူး ၃ ဦး တစ်နှစ်ကျော်ကြာ မစ်ရှင်ပြီးနောက် ကမ္ဘာဆီပြန်လည်ရောက်ရှိ

နာဆာရဲ့ အာကာသယာဉ်မှူး ၃ ဦးသည် အာကာသမစ်ရှင် တစ်နှစ်ကျော်ကြာပြီးနောက် စက်တင်ဘာလ ၂၇ ရက်နေ့က ကမ္ဘာမြေသို့ ပြန်လည်‌ရောက်ရှိလာခဲ့ပါတယ်။

ဖရန့်ရူဘိုင်အို၊ ဆာဂေး ပရိုကိုပီ၊ ဒါမီထရီပီတီလင် တို့ ၃ ဦးက ၆ လ ကြာ အာကာသမစ်ရှင်အနေနဲ့ သွားရောက်ခဲ့ကြတာပါ။

နောက်တော့ ၆ လကနေ ၃၇၁ ရက်ကြာ ၁ နှစ်ကျော်မစ်ရှင်အဖြစ် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၃ ဦးရဲ့ အာကာသခရီးစဉ်က အာကာသထဲမှာ အကြာကြီးနေနိုင်ခဲ့ဆုံးကမ္ဘာစံချိန်ကို ချိုးစေခဲ့ပါတယ်။

နိုင်ငံတကာအာကာသစခန်းမှာ သူတို့ရောက်ရှိနေစဉ် Soyuz MS-22 မှာ အအေးခံရည် ယိုစိမ့်မှုဖြစ်သွားခဲ့တာကြောင့် အာကာသခရီးစဉ်မစ်ရှင်က ၁ နှစ်ကျော်ကြာမြင့်သွားခဲ့တယ်လို့ သိရပါတယ်။

Ref: CNN

………………………………..

အွန်လိုင်းလောင်းကစားတွင် ပါဝင်သည်ဟုဆိုကာ ထိုင်းဒုရဲချုပ်နေအိမ်ကို ဆိုင်ဘာရဲတပ်ဖွဲ့ ဝင်စီး

အွန်လိုင်းလောင်းကစားမှာ ပါဝင်နေတယ်လို့ စွပ်စွဲချက်နဲ့ ထိုင်းနိုင်ငံ ဒုရဲချုပ်တစ်ဦးရဲ့ နေအိမ်ကို ဆိုင်ဘာမှုခင်းစုံစမ်းစစ်ဆေးရေးဌာန (CIBB) က စက်တင်ဘာ ၂၅ နေ့က ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေစီးနင်းခဲ့ပါတယ်။

ဆိုင်ဘာရဲတပ်ဖွဲ့တွေ၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးက ရဲတပ်ဖွဲ့တွေနဲ့ မြို့တော်ကွန်မန်ဒိုတပ်ဖွဲ့တွေ ပါဝင်ခဲ့တာပါ။

ဒုရဲချုပ် Surachate က ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ ဒုဗိုလ်မှူးကြီးရာထူးကို ပြောဆိုကာ ဆိုင်ဘာရဲတပ်ဖွဲ့တွေကို အိမ်ထဲ ဝင်ဖို့ ငြင်းဆန်ခဲ့ပါသေးတယ်။

နောက် CIBB ရဲ့ ဒုရဲဗိုလ်ချုပ်ကြီးတစ်ဦးက ဝရမ်းကို လာရှင်းပြခဲ့ပြီးမှသာ အိမ်ထဲ ဝင်ရောက်စစ်ဆေးခွင့်ပြုခဲ့ပါတယ်။

သူ့ကိုတော့ ဖမ်းဝရမ်းမထုတ်ခဲ့ဘဲ သူ့လက်အောက်အရာရှိတွေ အခြားခရိုင်တွေမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ဝင်ရောက်စီးနင်းမှုမှာတော့ ဘာမှ တရားမဝင်တာ မရှိခဲ့ဘူးလို့ ဆိုထားပါတယ်။

Ref: Khaosod English

………………………………..