မွန်ရိုးရာ တော်သလင်းလ လှေဆွမ်းတော်ကြီးတင်ပွဲ

0
1170
ပုံစာ - ရေဖြူမြို့နယ်၊ ကောင်းမှုရွာတွင် ယနေ့ မွန်ရိုးရာလှေဆွမ်းတော်ကြီးတင်ပွဲကျင်းပနေစဉ်။

တနင်္သာရီတိုင်းအတွင်း မွန်လူမျိုးများနေထိုင်သည့် ကျေးရွာများတွင် နှစ်စဉ်တော်သလင်းလပြည့်ရောက်တိုင်း မွန်ရိုးရာ လှေဆွမ်းတော်ကြီးတင်ပွဲကို ကျင်းပပြုလုပ်ကြသည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက်တွင် ကျရောက်သည့် ယခုနှစ် တော်သလင်းလပြည့်နေ့တွင်လည်း ရေဖြူနှင့် ကော့သောင်းမြို့နယ်များရှိ မွန်လူမျိုးများက လှေဆွမ်းတော်ကြီးတင်ပွဲကို ပြုလုပ်ကြသည်။

“အရင်နှစ်တွေကလောက်တော့ မစည်ကားဘူးပေါ့။ အဝေးရောက်ရွာသားတွေလည်း များလာတော့ မစည်တော့ဘူး။ ရိုးရာမပျက်လုပ်တာလောက်ပါပဲ” ဟု ရေဖြူမြို့နယ်၊ ကောင်းမှုရွာက မွန်လူမျိုးတစ်ဦးကပြောသည်။

မွန်ရာဇာဝင် ကျမ်းများအရ ကောဇာသက္ကရာဇ် ၈၃၈ ခုနှစ်တွင် သီဟိုဠ် (သီရိလင်္ကာ) သို့ မွန်သံဃာတော် ၄၄ ပါးကို ဓမ္မစေတီမင်းက ရာမဒူတသင်္ဘောနှင့် စိတြဒူတသင်္ဘော နှစ်စီးဖြင့် သာသနာပြုခရီး စေလွှတ်ခဲ့ပြီး အပြန်ခရီးစဉ်တွင် ရာမဒူတသင်္ဘောက ခရီးစဉ်ချောမွေ့စွာ ပြန်ရောက်နိုင်ခဲ့သည်။

စိတြဒူတသင်္ဘောမှာ လေပြင်းမုန်တိုင်း မိသဖြင့် ပျောက်နေရာ ယင်းသင်္ဘောပါ ရဟန်းသံဃာတော်များ ဘေးအန္တရာယ် မကျရောက်စေရန် မင်းနှင့် တိုင်းသူပြည်သူအပေါင်းက စိတြဒူတသင်္ဘောပုံသဏ္ဍာန် ဖန်တီးတည်ဆောက်ပြီး တော်သလင်းလပြည့် နံနက်အာရုံချိန်တွင် ယင်းသင်္ဘောတွင် လှူဖွယ်ဝတ္ထုအစုစုကို စုပေါင်းထည့်ပြီး ကပ်လှူပူဇော်ကာ ဆုတောင်းကြပြီးနောက် တော်သလင်းလဆုပ် နှစ်ရက်တွင် စိတြဒူတသင်္ဘော ကောင်းမွန်ချောမွေ့စွာ ပြန်ရောက်လာခဲ့သည်။

အဆိုပါ အကြောင်းအရာကို အစွဲပြု၍ ဘုန်းတော်ကြီးကျောင်းများတွင် သင်္ဘော (သို့) လှေပုံသဏ္ဍာန်များပြုလုပ်ပြီး စုပေါင်းဆွမ်းတော်တင်ခြင်းနှင့် နေအိမ်များတွင် ဆွမ်းတော်ကြီးတင်ခြင်းများ ကျင်းပခြင်းဖြစ်သည်။

ထားဝယ်ဒေသရှိ ကျေးရွာအများစုတွင်မူ ဆွမ်းတော်ကြီးတင်ခြင်းဓလေ့ကို သီတင်းကျွတ်လတွင် ပြုလုပ်လေ့ရှိပြီး တော်သလင်းလတွင်း ဆီဆွမ်းလောင်းလှူခြင်းဓလေ့ကို ပြုလုပ်ကြသည်။