ပုလောတွင် တစ်မနက်တည်း ထိတွေ့ပစ်ခတ်မှုသုံးကြိမ်ဖြစ် နှစ်ဖက်ထိခိုက်မှုရှိဟုဆို

0
2328
Photo-မြိတ်ခရိုင်တပ်ရင်း(၁) ပုံစာ - ပုလောပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တဦး တိုက်ပွဲဝင်နေစဥ်

ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ စက်တင်ဘာလ ၂၈ရက် တစ်မနက်တည်း ထိတွေ့ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။

စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၇ နာရီမှစပြီး ၆ မိုင်၊ နန်းပရုပ်နှင့် မြစ်ချဉ်စုကျေးရွာအနီးတို့တွင် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွာခြင်းဖြစ်ကြောင်း အမှတ် ၁ တပ်ရင်းက စက်တင်ဘာလ ၂၉ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

၆ မိုင်အနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်များနှင့် အပြန်အလှန်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဘက်က ရှေ့ထွက်မိုင်းသုံးကာ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ယင်းနောက် ပုလောမြို့မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းအား တိုက်ခိုက်ရန်လာစဉ် နန်းပရုပ်ရွာအနီး ထပ်မံ တိုက်ပွဲ ဖြစ်ခဲ့ပြီး အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်၏ ပိတ်ဆို့မှုကို ဖောက်ထွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းနောက် မြစ်ချဉ်စုရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် အင်အား ၃၀ ရှိ စစ်ကောင်စီတပ်ကိုလည်း ပုလောတပ်ရင်း (၁) နှင့် မဟာမိတ်တပ်ဖွဲ့က လျှပ်တစ်ပြက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ပစ်ပစ်ခတ်မှု တိုက်ပွဲ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။

ယင်းထိတွေ့တိုက်ပွဲ သုံးကြိမ်အတွင်း စစ်ကောင်စီတပ်က ငါးဦး သေဆုံးခဲ့ပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်က နှစ်ဦး ဒဏ်ရာရသော်လည်း မစိုးရိမ်ရကြောင်း ဆက်လက်ဖော်ပြသည်။

ထိတွေ့တိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောင်းဆက်ထိုးနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“(စက်တင်ဘာ ၁၈) မနေ့က နန်းပရုပ်ဖက်မှာ တိုက်ပွဲဖြစ်သံကြားတယ်။ ဒီနေ့လည်း ပုလောရှပ်ပုံဖက်ကို စစ်ကြောင်း ထိုးလာတယ်။ အဲဒီစစ်ကြောင်း ဖြစ်နိုင်တယ်။ တိုက်ပွဲဖြစ်မဖြစ်တော့ အတိအကျမသိရသေးဘူး။ ညနေဖက် လက်နက်ကြီးတွေ ပစ်နေတယ်” ဟု ၎င်းက စက်တင်ဘာလ ၂၉ ရက်က ပြောသည်။

ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စုကိုလည်း စက်တင်ဘာလ ၁၁ရက်မှ ၁၈ရက်အထိ စစ်ကောင်စီတပ်က ကြည်း၊ ရေ နှစ်ဖက်ညှပ်တိုက်ခဲ့သည်။