ကျိုက်ထိုတွင် အငြိမ်းစား ဒုဗိုလ်မှူးကြီးမိသားစု ပစ်ခတ်ခံရပြီး ဇနီးသေဆုံး

0
1852

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဦးအောင်လွင် မိသားစု သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဇနီးသေဆုံးကာ သားဖြစ်သူလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်ခန့်က အသက် ၄၈ နှစ်အရွယ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဦးအောင်လွင်နှင့် ဇနီး ဒေါ်ခင်စန္ဒာစိုး၊ သားဖြစ်သူ မောင်အောင်ငြိမ်းမာန်တို့ ကားဖြင့် နေအိမ်သို့ ပြန်လာစဥ် လက်နက်ကိုင်တစ်စုက ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

“သေနတ်သမားတွက ဆိုင်ကယ်နဲ့ သူတို့ (ဦးအောင်လွင်) မိသားစု အပြင်ကနေ ပြန်လာတဲ့အချိန်မှာ စောင့်ပြီး ပစ်သွားတာ။ သူ့မိန်းမကတော့ သေဆုံးသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒေါ်ခင်စန္ဒာစိုးသည် ဦးခေါင်းကိုကျည်ထိမှန်ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။

ဦးအောင်လွင်ကမူ လက်တွင် ကျည်ဆန်ရှပ်မှန်သွားပြီး သားဖြစ်သူမှာ ဘယ်ဘက်မျက်လုံး ကျည်ဆန်ထိမှန်ခဲ့သည်ဟု သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် ဒေါ်ခင်စန္ဒာစိုး ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသည့် ဦးအောင်လွင်နှင့် သားတို့ကို ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

ဦးအောင်လွင်သည် ကျိုက်ထိုမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဝင်တစ်ဦးဖြစ်ကြောင်း မြို့ခံတို့ထံမှ သိရသည်။

ယင်းပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သူက မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်အတွင်းက BGF ဗိုလ်အဆင့်ရှိသူနှင့် ဇနီးတို့ စီးနင်းလာသည့် ကားကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခဲ့ပြီး နှစ်ဦးစလုံး သေဆုံးသွားခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးပြင်းထန်နေသည့် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များ၊ စစ်ကောင်စီနှင့် ပတ်သက်သူများ၊ စစ်ကောင်စီသတင်းပေးဆိုသူများကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ဘက်က ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်ချိပ်ပိတ်ခြင်းများလည်း ဆက်တိုက် လုပ်ဆောင်နေသည်။