လောင်းလုံးတွင် ပျောက်ဆုံးနေသည့်ကလေးငယ်ကို တောထဲတွင် အသက်ရှင်လျက်ပြန်တွေ့

0
3250

လောင်းလုံးမြို့၊ (က) ရပ်ကွက်တွင် စက်တင်ဘာလ ၈ ရက်နေ့က နေအိမ်မှ ပျောက်ဆုံးသွားသည့် ကလေးငယ်ကို အသက်ရှင်လျက်ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ကလေးပျောက်ဆုံးချိန်ကစပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့် မြို့ခံပရဟိတလူငယ်များ ပူးပေါင်းရှာဖွေခဲ့ရာ တစ်ရက်အကြာ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ပြန်လည်ရှာဖွေတွေ့ရှိကြောင်း ရှာဖွေကူညီသူများက ပြောသည်။

နေအိမ်မှ ၇ မိုင်ခန့်အကွာ ဒေသအခေါ် ရှစ်ငါးပင်တောင်ခြေရှိ ကျောက်ဖျာပေါ် ထိုင်လျက်တွေ့ရှိရခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ တာဝန်ယူသူတစ်ဦးက ဆိုသည်။

“တောနက်ကြီးထဲမှာ ပြန်တွေ့တယ်။ ပြင်ပဒဏ်ရာ ဘာမှမရှိပါဘူး။ တော်တော် ထူးဆန်းတယ်” ဟု ၎င်းက ပြောဆိုသည်။

ကလေးငယ်မှာ လမ်းလျှောက်တစ်ခါစ အသက် တစ်နှစ်နှင့် ရှစ်လအရွယ်ဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့ ဘိုးဘွားဖြစ်သူတို့ ဘုန်းကြီးကျောင်းသို့သွားနေစဉ် ပုခက်အတွင်း အိပ်၍ကျန်ခဲ့ရာမှာ ပျောက်ဆုံးသွားခြင်းဖြစ်သည်။

လက်ရှိအဆိုပါကလေးငယ်မှာ အစာစားပြီး စကားမူ မပြောနိုင်သေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီမနက်ဆိုင်းတွေ ဗုံတွေ တီးပြီး ရှာတယ်။ ပြန်တွေ့ပါပြီ။ စကားတော့မပြောနိုင်ရှာသေးဘူး။ ဘုန်းကြီးကျောင်း ပို့ထားတယ်။ သိုက်ဆက်တွေလား မသိဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်ကလည်း ရေဖြူမြို့နယ် ကံပေါက်ဒေသ၊ သဲချောင်းရွာတွင် အသက်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးခဲ့ပြီး ယင်းကလေးမှာမူ နှစ်ရက်အကြာ ဇူလိုင် ၆ ရက်နေ့တွင် နေအိမ်အနီး လယ်ကွင်းစပ်က ရေထဲတွင် သေဆုံးလျှက်သာပြန်တွေ့ခဲ့သည်။