သတိထားရမယ့် ချေးငွေအကြောင်းပြငွေကြေးလိမ်လည်မှု

0
1824

ဆိုရှယ်မီဒီယာ Facebook ပေါ်မှာ နည်းမျိုးစုံသုံးပြီး လိမ်လည်နေတာတွေထဲမှာ ချေးငွေအကြောင်းပြ ငွေကြေးလိမ်လည်မှုလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။

အသေးစားချေးငွေတွေ ထုတ်ချေးပေးနေတယ်လို့ ရေးသားဖြန့်ဝေနေတာတွေဟာ အမှန်တကယ် ချေးငွေထုတ်ချေး ပေးနေတာ မဟုတ်ဘဲ ငွေကြေးလိမ်လည်နေတာပဲဖြစ်တယ်ဆိုတာကို Dawei Watch ရဲ့ အချက်အလက် စစ်ဆေးချက်တွေအရ တွေ့ရှိရပါတယ်။

အကောင့်တု၊ Page အတုတွေ ဖန်တီးပြီးလိမ်လည်တာ။

ငွေကြေးလိမ်လည်သူတွေဟာ Facebook ပေါ်မှာ “အသေးစားငွေချေးလုပ်ငန်း” လို့ နာမည်တပ်ပြီး နာမည်ကြီး ပြည်တွင်းပုဂ္ဂလိကဘဏ်နာမည်တွေ၊ ထင်ရှားတဲ့လူပုဂ္ဂိုလ်နာမည်တွေ ရုပ်ပုံတွေ၊ ထင်ရှားတဲ့ ရွှေဆိုင်နာမည်တွေကို အသုံးပြုပြီး Facebook Page တွေ ဖန်တီးထားလေ့ရှိပါတယ်။

ဥပမာ KBZ ဘဏ် အသေးစားချေးငွေလုပ်ငန်း၊ ကမ္ဘာ့ရတနာဘဏ်ချေးငွေလုပ်ငန်း၊ 29 ရတနာချေးငွေလုပ်ငန်း စတဲ့ နာမည်ကိုတွေကိုသုံးပြီး Page အတုတွေ ဖန်တီးထားကြတာပါ။ Page အတု Screenshots ပုံတွေကို အောက်မှာ ကြည့်နိုင်ပါတယ်။

အဲဒီ Page တွေကို ဝင်ရောက်ကြည့်ရှုရာမှာ Like လုပ်ထားသူ ဆယ်ဂဏန်း၊ ရာဂဏန်းခန့်ပဲ ရှိတာကို တွေ့ရပါတယ်။

ဒါပေမဲ့ သူတို့ဟာ အဖွဲ့ဝင်ထောင်သောင်းချီရှိတဲ့ Facebook Group တွေထဲဝင်ပြီးတော့ ချေးငွေလုပ်ငန်းအကြောင်း စည်းရုံးကြော်ငြာတာကြောင့် လူအများအကြား ချေးငွေလုပ်ငန်းတွေအကြောင်း လွယ်လွယ်ကူကူ ပျံ့နှံ့ရောက်ရှိလာ နေပါတယ်။

ကြော်ငြာရာမှာလည်း လူတွေ ယုံကြည်မှုရစေဖို့အတွက် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေနဲ့ တကွ ဖော်ပြပေးပြီး ဘယ်သူဘယ်ဝါတွေကို ဘယ်နေ့က ချေးငွေ ဘယ်လောက်ထုတ်ပေးလိုက်ပြီလို့လည်း ဖန်တီးလိမ်လည်ရေးသားထား တာတွေကို တွေ့ရပါတယ်။ Screenshots ပုံတွေကို အောက်မှာ ကြည့်နိုင်ပါတယ်။

အမှန်တကယ် ငွေလိမ်ခံနေကြရတယ်။

အဲဒီနည်းလမ်းအတိုင်းအသုံးပြုပြီး လိမ်လည်တာကြောင့် မြေပြင်မှာ အမှန်တကယ် အလိမ်ခံရသူတွေ ရှိနေပါတယ်။

လောင်းလုံးမြို့နယ်မှာ နေထိုင်တဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးဟာ ၂၀၂၃ ခုနစ် ဇူလိုင်လက ငွေကျပ် ရှစ်သိန်းကျော် အလိမ်ခံရဖူးပါတယ်။

အဲဒီအမျိုးသမီးရဲ့ ပြောကြားချက်အရ ကမ္ဘာ့ရတနာဘဏ်မှာ ချေးငွေထုတ်ချေးပေးနေတယ်ဆိုတဲ့ ပို့စ်တစ်ခုကို ကမ္ဘာ့ရတနာဘဏ်ချေးငွေလုပ်ငန်းအမည်နဲ့ Facebook စာမျက်နှာမှာ တွေ့ရှိခဲ့ပြီး အဲဒီပို့စ်မှာပါတဲ့ ဖုန်းနံပတ်ကို ဆက်သွယ်ပြီး ငွေကျပ် သိန်းသုံးရာ ချေးပေးရန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

လိမ်လည်သူက စာရွက်စာတမ်းကြေး၊ အခွန်အခတို့အတွက် ငွေကျပ်ရှစ်သိန်းကျော်ကို နှစ်ကြိမ်ခွဲလွှဲခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ငွေလိုချင်နေတဲ့ အဲဒီအိမ်ထောင်သည်အမျိုးသမီးမှာ ချေးငွေပေးတာ အမှန်တကယ်ဖြစ်မယ်လို့ ယူဆပြီး ပထမအကြိမ် ငွေကျပ်နှစ်သောင်းကို အွန်လိုင်းငွေလွှဲလုပ်ငန်းတစ်ခုနဲ့ လွှဲပေးခဲ့ပါတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ ဒုတိယအကြိမ် ကျပ်ရှစ်သိန်းထပ်မံလွှဲခိုင်းတော့လည်း လွှဲပေးလိုက်ပြန်ပါတယ်။

တတိယအကြိမ်ထပ်လွှဲခိုင်းချိန်မှာတော့ သံသယဝင်လာလို့ ချေးငွေထဲကနေ ဖြတ်ယူပြီး ကျန်ငွေကိုသာ လွှဲပို့ပေးဖို့ တောင်းဆိုလိုက်ရာ ဖုန်းပိတ်ပြီး အဆက်အသွယ်ဖြတ်သွားခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီးက ပြောပါတယ်။

(ငွေလိမ်ခံရသူရဲ့လုံခြုံရေးလိုအပ်ချက်အရ နာမည်နဲ့ နေရပ်လိပ်စာတွေကိုတော့ ဖော်ပြပေးနိုင်ခြင်းမရှိသေးပါဘူး။)

ဒီလိုငွေလိမ်ခံရပြီးနောက်မှာ ကမ္ဘာ့ရတနာဘဏ် ဘဏ်ခွဲတစ်ခုသို့ ဖုန်းဆက်သွယ်မေးမြန်းခဲ့ချိန်မှတော့ ဘဏ်အနေနဲ့ အသေးစားချေးငွေ ထုတ်ချေးပေးတာမျိုး မရှိဘူးလို့ ဖြေကြားချိန်မှ ငွေလိမ်ခံလိုက်ရမှန်း သိရှိတာလို့ သူက ဆိုပါတယ်။

“ဘဏ်ကို ဖုန်းဆက်မေးတော့ သူတို့ဘဏ်မှာ ဒါမျိုးချေးငွေထုတ်ပေးတာ မရှိဘူးလို့ပြောတယ်။ အဲဒီအချိန်မှာ အလိမ်ခံလိုက်ရမှန်းသိတာ” ငွေအလိမ်ခံရတဲ့ အမျိုးသမီးက ပြောဆိုပါတယ်။

ပြည်တွင်းမှာရှိတဲ့ ကမ္ဘာ့ရတနာဘဏ်အပါအဝင် တခြားသော ပုဂ္ဂလိကဘဏ်တွေကလည်း ဘဏ်နာမည်ကို အသုံးချပြီး Facebook Page အတုဖွင့်လို့ ချေးငွေထုတ်ချေးပေးနေတယ်လို့ ပြောဆိုရေးသားနေတာတွေကို သတိပြုကြဖို့ ထုတ်ပြန်ထားကြပါတယ်။

ကမ္ဘာ့ရတနာဘဏ်ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အလားတူ KBZ ဘဏ်ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အလားတူပဲ “ရွှေဇီးကွက် ချေးငွေလုပ်ငန်း” နာမည်နဲ့ ထားဝယ်မှာ တည်ရှိတယ်လို့ အွန်လိုင်းကနေ ၂၀၂၂ခုနှစ် ဩဂုတ်လ လိမ်လည်ခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

“အွန်လိုင်းချေးငွေလုပ်ငန်းဟုဆိုကာ ထားဝယ်မြို့လိပ်စာဖြင့် လိမ်လည်နေ” ခေါင်းစဉ်နဲ့ Dawei Watch က ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၈ရက်က ရေးသားခဲ့တဲ့ သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

မြေပြင်မှာ အသေးစားချေးငွေ ထုတ်ချေးသူတွေ တကယ်ရှိတယ်။

မြေပြင်မှာတော့ အသေးစားချေးငွေတွေ ထုတ်ချေးပေးနေတဲ့ တရားဝင်လိုင်စင်ရ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေလည်း ရှိပါတယ်။

အဲဒီအဖွဲ့အစည်းတွေဟာ ချေးငွေလျှောက်လွှာကို အွန်လိုင်းကနေ လက်ခံလေ့ မရှိကြပါဘူး။ အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ပေးလေ့ရှိပါတယ်။ ချေးငွေထုတ်ချေးရာမှာလည်း စနစ်တကျ ထုတ်ချေးပေးလေ့ရှိပါတယ်။

ချေးငွေရယူမယ့်သူတွေကို အုပ်စုဖွဲ့ပြီး အဖွဲ့ထဲပါသူအချင်းချင်း အာမခံပေးရတဲ့ ဝိုင်းကြီးချုပ်စနစ်တွေနဲ့ အာမခံပစ္စည်း တစ်ခုခုနဲ့ ထုတ်ချေးပေးလေ့ရှိပါတယ်။

အသေးစားချေးငွေထုတ်ပေးနေသည့် အဖွဲ့တွေအကြောင်းကို ထားဝယ်မြို့မှာရှိတဲ့ အသေးစားငွေရေး၊ ကြေးရေး ကြီးကြပ်မှုဦးစီးဌာနမှာ စုံစမ်းနိုင်ပါတယ်။ အဲဒီဌာနရဲ့ ၂၀၂၀ ခုနှစ်စာရင်းအရ တနင်္သာရီတိုင်းမှာ အသေးစားချေးငွေ ထုတ်ချေးပေးနေတဲ့ အဖွဲ့အစည်း ၁၅ ခုရှိပါတယ်။

ချေးငွေ လက်ထဲမရောက်ခင် ငွေကြိုလွှဲခိုင်းရင် သတိထားပါ။

အသေးစားချေးငွေ ရယူရာမှာ ချေးငွေယူသူရဲ့လက်ထဲ ချေးငွေ မရောက်သေးခင် ကြိုတင်ငွေပေးချေခိုင်းရင် သတိထားဖို့လိုပါတယ်။

တရားဝင် လိုင်စင်ရ အသေးစားငွေချေးလုပ်ငန်းတွေဟာ ချေးငွေကို ငွေချေးသူလက်ထဲ ထည့်ပေးပြီးမှာသာ အတိုးငွေကိုပဲ သတ်မှတ်အချိန်အတိုင်း ကောက်ယူတာပါ။

တရားဝင် အသေးစားငွေချေးလုပ်ငန်းတွေဟာ ချေးငွေယူသူဆီကနေ ချေးငွေအတွက်၊ အခွန်အခ၊ စာရွက်စာတမ်းကြေး စတာတွေ ငွေကြိုတင်တောင်းယူတာမျိုး မရှိဘူးလို့ ထားဝယ်မြို့အခြေစိုက် အသေးစားချေးငွေကုမ္ပဏီဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ကိုမင်းသန့်က ပြောပါတယ်။

“ငွေကြိုတောင်းတယ်ဆိုတာမျိုးကတော့ မရှိဘူးပေါ့နော်။ ဘာစာရွက်စာတမ်းကြေး၊ ဘယ်လိုအတွက်ဆိုပြီး တောင်းခွင့် မရှိပါဘူး။ (ချေး) ငွေကလက်ထဲ မရောက်သေးဘူး။ ငွေအရင်လွှဲခိုင်းတယ်ဆိုတာမျိုးကတော့ အဲဒါမျိုးက မယုံသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်နဲ့အပြင်မှာ Face to Face (မျက်နှာချင်းဆိုင်) ငွေချေးတာနဲ့ လုံးဝမတူဘူးလေ” လို့ သူက ပြောဆိုပါတယ်။

အခု အွန်လိုင်းကနေ လိမ်လည်သူတွေဟာ ချေးငွေပေးမယ်ဆိုပြီး ငွေကြိုလွှဲခိုင်းပါတယ်။ ဒီအချက်ဟာ အမှန်တကယ်ငွေချေးသူတွေနဲ့ လိမ်လည်သူတွေရဲ့ ကွာခြားချက်ကို ပေါ်လွင်စေပါတယ်။

ဆောင်ရန်/ ရှောင်ရန်

လိမ်လည်သူတွေဟာ နည်းပညာပိုင်းအားနည်းတဲ့ ကျေးလက်ဒေသခံတွေ၊ အသက်ကြီးပိုင်းတွေကို အဓိက ပစ်မှတ်ထား လိမ်လည်ကြတာကို တွေ့ရပါတယ်။ အွန်လိုင်းပိုစ့်တွေကို ယုံကြည်လွယ်ကူစေရန် ဖန်တီးထားပြီး ဆွဲဆောင်လေ့ရှိကြပါတယ်။

ချေးငွေအကြောင်း လာရောက်မေးမြန်းစုံစမ်းသူတွေကိုလည်း ချေးငွေယူဖို့ အစီအစဉ် ရှိ မရှိ မကြာခဏ ဖုန်းဆက်မေးမြန်းလေ့ ရှိပါတယ်။

ဘယ်သူဘယ်ဝါမှန်းမသိဘဲ အွန်လိုင်းပေါ်မှာ တွေ့တဲ့ ချေးငွေလုပ်ငန်းအမည်တပ်ထားတဲ့သူတွေဆီကနေ ချေးငွေယူဖို့ လုပ်တာမျိုးကို ရှောင်ရှားသင့်ပါတယ်။ တစ်စုံတစ်ယောက်က ဖုန်းဆက်ပြီး ငွေချေးပေးမယ်လို့ ပြောလာရင်လည်း အလွယ်တကူ လက်ခံတာမျိုး မလုပ်မိဖို့ လိုအပ်ပါတယ်။

နီးစပ်ရာဆွေမျိုး၊ အသိမိတ်ဆွေ၊ တတ်သိသူတွေကို အသိပေးတာ၊ တိုင်ပင်တာတွေ အရင်လုပ်ဆောင်သင့်ပါတယ်။

သက်ဆိုင်ရာ ဘဏ်တွေကို ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ဖုန်းဆက်ပြီးတော့ပဲ ဖြစ်ဖြစ် ချေးငွေကိစ္စမေးမြန်းသင့်ပါတယ်။

အရေးကြီးဆုံး အထူးသတိထားရမယ့် အချက်ကတော့ ချေးငွေ လက်ထဲမရောက်ခင် ကိုယ့်ငွေကို ကြိုတင် မလွှဲမိစေဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် စာဖတ်သူတွေအနေနဲ့ Facebook ပေါ်မှာတွေတဲ့ ချေးငွေမက်လုံးပေးတာတွေကို ချက်ချင်းမယုံကြည်ဖို့နဲ့
သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင် Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။