ပုလော ရွာသုံးရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၊ လူငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

0
1281

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူငယ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က လက္ကူးရွာ သဲပြင်တန်းရပ်ကွက်သို့ လက်နက်ကြီးကျည် လေးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သဲပြင်တန်းဖက်ကျပြီး ယောင်္ကျားငယ်တစ်ယောက် သေတယ်။ နောက် ယောင်္ကျားလေးနဲ့ ကောင်မလေး တစ်ယောက်ထိတယ်။ တစ်ယောက်ကတော့ ဆေးရုံပို့လိုက်ရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

သေဆုံးသူမှာ အသက် ၂၀ ကျော်အရွယ် ကိုမြတ်ဖြိုးဝေဆိုသူ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

လက်နက်ကြီးကို ပုလောချောင်းဝတွင် ရပ်နားထားသည့် ရေတပ်စစ်သင်္ဘောမှ ပစ်ခတ်သည်ဟု ပြောဆိုသူများရှိသလို
ပုလောမြို့ (၂၈၅) တပ်ရင်းက ပစ်ခတ်ခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် လက္ကူးရွာတွင် ကျည်လေးလုံး၊ မြဒေါင်ရွာတွင် လေးလုံးနှင့် ပြင်းဖြူကျေးရွာသို့လည်း နှစ်လုံးကျရောက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယင်းအပြင် ပလမြို့တိုကျေးရွာဖက်တွင်လည်း ယနေ့နံနက်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။

ပုလောမြို့ကျောက္ကာရွာအပြင်ဖက် မြင်းအောက်ကျွန်းအနီးတွင် စက်တင်ဘာလ ၇ ရက်နေ့ နံနက်က စစ်ကောင်စီ ရေတပ်သင်္ဘောနှင့် ပုလောပြည်သူ့ကာကွယ်ရေးအမှတ် (၁) တပ်ရင်းတို့ မိနစ်နှစ်ဆယ်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့သည်။

ယင်းပစ်ခတ်မှုဖြစ်သည့် နေ့နှင့် နောက်တစ်ရက်တွင် စစ်သင်္ဘောက လက်နက်ကြီးများဖြင့် ကမ်းပေါ်သို့ ပစ်ခတ်ခဲ့သလို ပလမြို့၊ တိုတောင်ပေါ်ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် အနီးအနားကျေးရွာများသို့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လအတွင်းကလည်း တိုက်ပွဲမဖြစ်ပွားဘဲ လက္ကူးကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အသက် ၇၆နှစ်အရွယ် ဒေါ်သန်းကြည် သေဆုံးခဲ့ရသည်။