အွန်လိုင်းချေးငွေလုပ်ငန်းဟုဆိုကာ ထားဝယ်မြို့လိပ်စာဖြင့် လိမ်လည်နေ

0
4730

ရုံးတည်နေရာမှာ ထားဝယ်မြို့တွင်ရှိသည်ဟုဆိုကာ အွန်လိုင်းငွေချေးလုပ်ငန်းအမည်ခံပြီး Facebook လူမှုကွန်ရက်မှတစ်ဆင့် လိမ်လည်နေကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူနှင့် မြို့ခံအချို့ထံမှ သိရသည်။

ထားဝယ်မြို့ အောင်မင်္ဂလာလမ်းတွင် ရုံးဖွင့်ထားသည်ဆိုသည့် ရွှေဇီးကွက်ချေးငွေလုပ်ငန်းအမည်ဖြင့် ဖွင့်ထားသည့် Faceboo Page ဖြင့် ငွေကြေးလိမ်လည်နေခြင်းဖြစ်သည်။

ပဲခူးတိုင်း ဝေါမြို့နယ်တွင်နေထိုင်သည့် မချစ်စုလွင်လည်း အောက်တိုဘာလ ၂၆ရက်က ငွေကျပ်သုံးသောင်း အလိမ်ခံရကြောင်း Dawei Watch သို့ ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်သို့ အလုပ်သွားလုပ်ရန် ငွေလိုအပ်နေသည့်အတွက် ရွှေဇီးကွက်ချေးငွေလုပ်ငန်းဆိုသည့် ပေ့ခ်ျမှတစ်ဆင့်ဆက်သွယ်ကာ ငွေကျပ်ခြောက်သိန်းချေးပေးရန် ပြောဆိုခဲ့ကြောင်း မချစ်စုလွင်က ဆိုသည်။

ချေးငွေပေးမည်ဖြစ်ပြီး ဖောင်တင်ကြေးအနေဖြင့် ငွေကျပ်သုံးသောင်းကို ဦးစွာလွှဲပေးရန် ပြောဆိုသည့်အတွက် Wave Money မှတစ်ဆင့် လွှဲပေးခဲ့ကြောင်း မချစ်စုလွင်က ပြောဆိုသည်။

ထိုသို့ လွှဲပေးပြီးချိန်တွင် ၎င်း၏ဖုန်းကို ဆက်မရအောင် ဘလော့ခံလိုက်ရသည်ဟု ပြောသည်။

“အခြားသူတွေလည်း ဘယ်လောက်တောင် အလိမ်ခံထားရပြီးပြီလဲ မသိဘူး။ သူ့ဆီ (လိမ်လည်သူဆီ) လွှဲမယ့် သုံးသောင်းကိုတောင် ဘေးမှာအတိုးနဲ့ယူပြီး လွှဲလိုက်တာ” ဟု မချစ်စုလွင်က ပြောဆိုသည်။

ဥပဒေအရ အသေးစား ငွေချေးလုပ်ငန်းလုပ်မည်ဆိုပါက သက်ဆိုင်ရာဌာနအသီးသီးတွင် ခွင့်ပြုချက်လိုင်စင်ရယူပြီးမှ ဆောင်ရွက်ခွင့်ရှိသည်။

ထို့အပြင် ငွေချေးရာတွင်လည်း ဝိုင်းကြီးချုပ်ပုံစံဖြင့် ချေးခြင်း၊ အာမခံပစ္စည်းတစ်ခုခုဖြင့် ချေးခြင်း စသည့် နည်းလမ်း အမျိုးမျိုးရှိပြီး အလွယ်တကူ ထုတ်ချေးလေ့ မရှိပေ။

Dawei Watch ၏ စုံစမ်းချက်အရ ရွှေဇီးကွက်ချေးငွေလုပ်ငန်းဟု အမည်ပေးထားသည့် ဖေ့ဘုတ်ပေ့ခ်ျတစ်ခုဖြစ်ပြီး ချေးငွေအဖြစ် ငွေကျပ်တစ်သိန်းမှ သိန်းနှစ်ဆယ်အထိ ချေးယူနိုင်ကြောင်း ဖော်ပြထားသည်။

ချေးငွေလုပ်ငန်းရုံးတည်နေရာကို ဆက်သွယ်မေးမြန်းရာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အောင်မင်္ဂလာလမ်း၊ အမှတ် ၁၅ (စီ) တွင် ဖွင့်လှစ်ထားပြီး အွန်လိုင်းမှအပြင် လူကိုယ်တိုင်လည်း ရုံးတွင် လာချေးနိုင်သည်ဟု ယင်းပေ့ခ်ျက မက်စင်ဂျာမှတစ်ဆင့် ပြောသည်။

ရုံးဖွင့်ထားသည့် ရပ်ကွက်အမည်ကို မေးရာတွင် ဖြေဆိုခဲ့ခြင်းမရှိပေ။

၎င်းတို့ထံမှ ချေးငွေလျှောက်လိုပါက မှတ်ပုံတင်မူရင်း အရှေ့အနောက်ဓာတ်ပုံ၊ အိမ်ထောင်စုစာရင်း ဓာတ်ပုံ၊ ချေးမည့်သူ၏ ဓာတ်ပုံ၊ ဖုန်းနံပါတ်စသည့် အချက်အလက်အနည်းငယ်သာ ပေးပို့ရမည်ဖြစ်ပြီး ဖောင်ကြေးသွင်းပြီးပါက ၁၀ မိနစ်အတွင်း ချေးငွေရရှိမည်ဟု စည်းရုံးခဲ့ခြင်းဖြစ်သည်။

ငွေကျပ် ၁သိန်းမှ ၁ဝသိန်းအထိ ချေးမည်ဆိုပါက ဖောင်ကြေးအဖြစ် ၃၀၀၀၀ ကျပ်၊ ၁၁သိန်းမှ သိန်း ၂၀ အထိ ချေးပါက ၅၀၀၀၀ ကျပ် အရင်လွှဲရမည်ဟု ဆိုသည်။

လက်ရှိတွင် လူမှုကွန်ရက်ပေါ်တွင် အွန်လိုင်းချေးငွေလုပ်ငန်းဟုဆိုကာ အမည်အမျိုးမျိုးဖြင့် ဖွင့်ထားကြပြီး ငွေကြေး လိမ်လည်မှုများ မကြာခဏဖြစ်ပွားနေသည်။