လောင်းလုံးတွင် လမ်းလျှောက်တက်စ ကလေးငယ်တစ်ဦး ပျောက်ဆုံး

0
2749

လောင်းလုံးမြို့၊ (က) ရပ်ကွက်တွင် စက်တင်ဘာလ ၈ ရက်နေ့က အသက် ၁ နှစ် ၈ လအရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးနေကြောင်း ကလေးငယ်ကို ကူညီရှာဖွေပေးနေသူများက ပြောသည်။

မခြူးခြူး အမည်ရှိ ကလေးငယ်သည် စက်တင်ဘာလ ၈ရက် ဥပုသ်နေ့က အဖွားဖြစ်သူ ဘုန်းကြီးကျောင်း သွားရောက် နေစဉ် ပုခက်အတွင်း အိပ်နေခဲ့ပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ကူညီရှာဖွေပေးနေသူတစ်ဦးက ဆိုသည်။

“ကလေးက ပုခက်ထဲမှာ အိပ်ခိုင်းထားတယ်လို့ပြောတယ်။ သူအဖိုးက အနီးအနား ထင်းရှာသွားရာက ပြန်လာတာနဲ့ ကလေးက ပုခက်ထဲမှာ မရှိတော့ဘူး။ ကလေးက လမ်းလျှောက်တက်ခါစလေးပါ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါကလေးငယ်မှာ လောင်းလုံးမြို့၊ ထိန်သစ် (က)ရပ်ကွက်၊ ကြက်ဥတောင်ဘုရားလမ်း၊ ဘုရားတောင်မုခ်ဦးအနီး အဘိုး ဦးစိုးအို၊ အဘွား ဒေါ်ယုယုတို့နှင့် အတူနေထိုင်ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပျောက်ဆုံးနေသည့် ကလေး၏ မိခင်နှင့် ဖခင်ဖြစ်သူတို့မှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြကြောင်း ဒေသခံတို့က ပြောသည်။

ကလေးမွေးပြီး တစ်နှစ်ခန့်အကြာတွင် ကလေးကို အဘိုး၊ အဘွားတို့နှင့် ထားခဲ့ပြီး ထိုင်းသို့ သွားရောက်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ပျောက်ဆုံးနေသည့် ကလေးငယ်ကို ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့် အိမ်နီးချင်းများ၊ ဒေသခံပရဟိအဖွဲ့ ဝင်များ ပူးပေါင်း၍ ကူညီရှာဖွေပေးနေသော်လည်း ယ‌နေ့ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းအထိ ရှာဖွေတွေ့ရှိရခြင်း မရှိသေးကြောင်း ကူညီရှာဖွေပေးနေသူများထံမှ သိရသည်။