ပုလောမြို့အနီး စစ်ကောင်စီတပ်ယာဥ်တန်း တစ်ရက်အတွင်း နှစ်ကြိမ် မိုင်းဆွဲခံရ

0
1717

မြိတ်ခရိုင်၊ ပုလောမြို့အနီးတွင် တပ်ပြောင်းရွှေ့သည့် စစ်ယာဥ်တန်းမှာ တစ်ရက်တည်း နှစ်ကြိမ်မိုင်းဆွဲခံရကြောင်း ပုလောမြို့အခြေစိုက် တောကြီးမြွေဟောက်တပ်ဖွဲ့နှင့် ဒေသခံများ ထံမှသိရသည်။

ယနေ့ နံနက် ၄ နာရီတွင် ပုလောမြို့ ၂၈၅ တပ်ရင်းမှ တပ်သားများ လိုက်ပါလာသည့် တပ်ပြောင်းရွှေ့သည့် ကားများကို ပုလောမြို့အလွန် စပူပြင်ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု တောကြီးမြွေဟောက်တပ်ဖွဲ့က ယနေ့ နေ့လယ်တွင် ထုတ်ပြန်သည်။

ထားဝယ်မြို့မှ ပုလောမြို့သို့လာသည့် စစ်ကောင်စီယာဥ်တန်းကို ယင်းကျေးရွာအနီးတဝိုက်တွင်ပင် ယနေ့နံနက် ၇ နာရီ ၁၀ မိနစ်က ထပ်မံမိုင်းဆွဲခဲ့သေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မိုင်းနှစ်ကြိမ်ဆွဲမှုကြောင့် ယာဉ်တန်းတွင်လိုက်ပါလာသည့် စစ်ကောင်စီတပ်သား ၂၇ ဦး ထိခိုက်သေဆုံးခဲ့ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသော်လည်း Dawei Watch အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။

တောကြီးမြေဟောက်အဖွဲ့ကို ဆက်သွယ်မေးမြန်းရာ ကားတစ်စီးမီးလောင်သွားပြီး ဖြစ်စဥ်မှန်ကုန်ကြောင်းနှင့် အသေးစိတ်ကို ပြန်ပြောမည်ဟု အကြောင်းပြန်ခဲ့သည်။

“ကားမီးလောင်သွားတယ်။ သတင်းအချက်အလက်အပြည့်အစုံ ပြန်ပြောပေးပါ့မယ်”ဟု တောကြီးမြွေဟောက်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

မိုင်းဆွဲသည့်ဖြစ်စဥ် အတိအကျမသိရသေးသော်လည်း ယနေ့ နံနက်မှ မွန်းလွဲအချိန်အထိ  ပလမြို့တိုရွာတောင်ပေါ်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများ ကပြောသည်။

စက်တင်ဘာလ ၆ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ကော့မပြင်းရွာဝန်းကျင်တွင် စစ်ကောင်စီကားနှင့် ခြေလျှင်တပ်ရင်းတို့ တစ်နေ့တည်း မိုင်းသုံးကြိမ်ဆွဲခံရပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးခဲ့သေးသည်။