ဆေးအများစု စျေးအနည်းငယ်တက်သော်လည်း ဆေးအချို့ပစ္စည်းပြတ်၍ စျေးခုန်တက်

0
1507

ပြည်တွင်းဆေးစျေးကွက်တွင် အိုကေတားဆေး၊ လေဆေး၊ နှလုံးဆေးအပါအဝင် ဆေးအချို့ပစ္စည်းပြတ်သဖြင့် အဆမတန် စျေးခုန်တက်သွားပြီး ဆေးဝါးအများစုမှာမူ စျေးအနည်းငယ် ထပ်တက်သွားကြောင်း ရန်ကုန်ဆေး လက္ကားစျေးကွက်အတွင်းမှ သိရသည်။

“Ok တို့ဆို အရင်က တစ်ကတ် (ကျပ်) ၂၇၀၀ ကနေ အခု ၄၀၀၀ လောက်ဖြစ်သွားတယ်။ အတက်ကတော့ အကုန်တက်သလောက်ပဲ။ ပစ္စည်းပြတ်တဲ့ကောင်က အတက်များပြီး ကျန်တာက တအိအိတက်တာမျိုး” ဟုဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးကဆိုသည်။

ဆောမြူ့ ကလေးချောင်းဆိုးပျောက်ဆေး ဆိုပါကစျေးကွက်အတွင်း ပစ္စည်းပြတ်နေပြီဖြစ်ကြောင်း၊ Siloxogene လေဆေးမှာလည်း ပစ္စည်းလက်ကျန်နည်းနေ၍ ၃၅၀ ကျပ်ရောင်းနေရာမှ ၈၀၀ ကျပ်အထိ စျေးတက်သွားကြောင်း ၎င်းကဆိုသည်။

ပစ္စည်းပြတ်စျေးတက်နေသည့် ဆေးနှင့်အမျိုးအစားတူ အခြားတံဆိပ်များမှာ စျေးသိပ်မတက်သဖြင့် အစားထိုး ပြောင်းသောက်လာကြကြောင်း၊ ဥပမာအိုကေတားဆေး ပစ္စည်းပြတ်စျေးတက်နေသဖြင့် စိတ်ချတားဆေးကို ပြောင်းသောက်နေကြကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ကျပ်ငွေတန်ဖိုးများ ကျဆင်းလာပြီး အထွေထွေကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာနေရာတွင် ဆေပစ္စည်းစျေးနှုန်းများလည်း မြင့်တက်လာခြင်းဖြစ်သည်။

နိုင်ငံခြားဆေးများမှာ အမေရိကန်ဒေါ်လာဈေး၊ ဘတ်စျေးတက်ပါက လိုက်တက်ရသည့်အတွက် နေ့စဉ်နှင့်အမျှ စျေးပြောင်းနေလေ့ရှိပြီး ဆေးကုန်၍မှာသည့်အခါတိုင်း စျေးတက်သွားလေ့ရှိကြောင်း ဆေးရောင်းချသူများကဆိုသည်။

ယခုလပိုင်းတွင် နှစ်သောင်းတန်ဂယက်ကြောင့် ငွေလဲနှုန်းတွင် ကျပ်ငွေတန်ဖိုးကျဆင်းသွားပြီး အမေရိကန်ဒေါ်လာ၊ ဘတ် အပါအဝင် နိုင်ငံခြားငွေတန်ဖိုးများ တက်သွားခဲ့သည်။

ယင်းအချိန်မှစ၍ နာမည်ကြီးတံဆိပ်ဆေးများမှာ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ဈေးတက်သွားပြီး လူသုံးနည်းသည့် ဆေးများပင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တက်သွားသည်။

စျေးကွက်အတွင်း ပစ္စည်းအဝင်နည်းသည့် အချို့ဆေးများဆိုပါက ၂ ဆခန့်အထိ တက်သွားကြောင်း စျေးကွက်အတွင်းမှ သိရသည်။

နိုင်ငံခြားငွေစျေးတက်ပါက ပစ္စည်းစျေးတက်လေ့ရှိသော်လည်း ငွေစျေးပြန်ကျချိန်တွင်မူ စျေးပြန်ကျသည် ဆေးမှာ မရှိသလောက်ပင်ရှားသည်ဟု ထားဝယ်မြို့မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ဒေါ်လာဈေးတစ်ခါတက်ရင် ကုမ္ပဏီတွေဈေးတစ်ခါတက်တယ်။ အခုနောက်ပိုင်းမှာ ထပ်တက်တာက နှစ်သောင်းတန်ထွက်တော့မယ်ဆို ပြောကတည်းကစတက်လာတာပဲ၊ ဆေးအမျိုးအစားနဲ့တော့မဆိုင်ဘူး၊ ကုမ္ပဏီအားလုံးပဲတက်တာ၊ ရာခိုင်နှုန်းနည်းနည်းတက်တာနဲ့ များများတက်တာပဲကွာတယ်” ဟု ၎င်းက ပြောသည်။

ယခင်အပတ်က မိမိဝယ်ယူထားသည့် ဈေးဖြင့်ရောင်းချပြီး ပြန်လည်ဝယ်ယူချိန်တွင် ဈေးတက်နေသဖြင့် စျေးပြန်ဝယ်ချိန်တွင် ထပ်စိုက်ရသည်မျိုးရှိသည်ဟု ၎င်းကပြောသည်။

နိုင်ငံခြားဆေးများအပြင် ပြည်တွင်းထုတ် တိုင်းရင်းဆေးများလည်း စျေးတက်နေပြီး ၁၀ ရာခိုင်နှုန်းခန့် စျေးတက်သွားကြောင်း စျေးကွက်အတွင်းမှ သိရသည်။