ရိက္ခာဖြတ်တောက်ခံထားရတဲ့ ဘဝတွေ

0
1622

အစားအသောက် ရရှိဖို့ဆိုတာ လူတစ်ယောက်ရဲ့ တကယ့်အခြေခံအခွင့်အရေးပါပဲ။ ဒါပေမဲ့ ဒီလိုအခြေခံ အခွင့်အရေးလေးကိုတောင် မရတဲ့မိသားစုတွေ တနင်္သာရီတိုင်းထဲမှာ အများကြီးရှိနေပါတယ်။

စစ်အာဏာသိမ်းမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့နေရာဒေသတွေကို ရိက္ခာဖြတ်တောက်ပိတ်ဆို့တာတွေ လုပ်လာ ပါတယ်။ ဒီလိုလုပ်နေရာမှာ တနင်္သာရီတိုင်းက ဒေသတွေလည်း ပါဝင်ပါတယ်။

ထားဝယ်ခရိုင်မှာဆိုရင် ထားဝယ်အရှေ့တောဒေသ၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်၊ မြိတ်ခရိုင်မှာဆိုရင် ပုလောမြို့နယ် အရှေ့ဖျားဒေ၊ တနင်္သာရီမြို့နယ်က တကူ၊ သရဘွင် ကျေးရွာအုပ်စုတွေ ရိက္ခာဖြတ်တောက်ခံထားရတာပါ။

ထားဝယ်အရှေ့တောဒေသဆိုရင် ပြီးခဲ့တဲ့နှစ်ကပင် ရိက္ခာဖြတ်တောက်ခံထားရပေမယ့် ရိက္ခာအနည်းငယ် သယ်လို့ ရနေပါသေးတယ်။ ဒါပေမဲ့ ဩဂုတ်လလယ်ပိုင်းမှာ လုံးဝ သယ်ခွင့်မပေးတော့သလို ပုလော အရှေ့ဖျားဒေသ ဆိုရင်လည်း ၂နှစ်နီးပါး ကြာမြင့်နေပါပြီ။

ဒီလို ရိက္ခာဖြတ်တောက်ခံထားတဲ့ ဒေသတွေက ပြည်သူတွေ အသက်ရှင်ဖို့ ဘယ်လိုတွေ ရုန်းကန်နေကြရသလဲ ဆိုတာကို ဒီတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်မှာ မေးမြန်းတင်ဆက်လိုက်ပါတယ်။

“ဆန်အဓိကဖြစ်နေတာဆိုတော့ ပိုက်ဆံက ဘာမှသုံးလို့ မဝင်တော့ဘူး”

ထားဝယ် အရှေ့တောဒေသ ကျောက်မဲတောင်ရွာသားတစ်ဦး

DW ။ ဆန်တွေဘာတွေ ဝယ်လို့လွယ်ကူရဲ့လား။

ဖြေ ။ ဝယ်မရဘူးခင်ဗျား။ ဘယ်လို မရလဲဆိုတော့ အိတ်လိုက်မှ ရတယ်။ ကျွန်တော်မှာက ပိုက်ဆံမရှိဘူး။

DW ။ ဒါဆို ဆန်လိုရင် ဘယ်လိုလုပ်လဲ။

ဖြေ ။ (ဥယျာဉ်) ခြံရှင်က ဝယ်ပေးတယ်။ ခြံမှာ တောခုတ်တယ်အခု။ တစ်နေ့ တစ်သောင်းရတယ်။ အဲဒါ နေ့စားခအတွက် ပိုက်ဆံမယူတော့ဘူး။ ဆန်ပဲလိုချင်တယ်ပြောပြီး ဆန်ပဲယူတယ်။ ဆန်အဓိကဖြစ်နေတာဆိုတော့ ပိုက်ဆံက ဘာမှသုံးလို့ မဝင်တော့ဘူး။

DW ။ တစ်သောင်းကျပ်နဲ့ဆို ဆန်ဘယ်လောက်ရလဲ။

ဖြေ ။ ဆန်ကတစ်ပြည်၊ ကြက်ဥကဆယ်လုံးပဲရတယ်။ ဆန်ကလား။ ဆန်ကြမ်းပဲပေါ့။

DW ။ အဲဒါနဲ့ စားလောက်ရဲ့လား။

ဖြေ ။ လောက်ဆို မိန်းမက ခဲယင်း (ခဲသတ္တုရှာ) တယ်။ နှစ်ယောက်ပေါင်းဆိုရင်တော့ စားလောက်တယ်။ စစ်ကြောင်းဝင်လာတဲ့အခါ ဆိုရင်တော့ အလုပ်က မရှိတော့ဘူး။ အဲဒီအခါဆိုသူများဆီမှာ ချေးရတယ်။

DW ။ သူများတွေလည်း လုပ်အားခ ပိုက်ဆံမယူဘဲ ဆန်ယူကြတာလား။

ဖြေ ။ အဲဒီလိုမျိုးယူကြတာပဲ သူများတွေလည်း။ အားလုံးတော့မယူဘူး။ ဆန်ဝယ်မရတဲ့သူတွေပဲ ယူတာ။

DW ။ ကျေးဇူးတင်ပါတယ်။

“တကယ်တမ်း ရိက္ခာပြတ်နေတာက သာမန်ပြည်သူတွေပဲဖြစ်နေတယ်”

ထားဝယ်မြို့နယ် အရှေ့တောဒေသခံတစ်ဦး

DW ။ ရှေ့တောဒေသကို ရိက္ခာတွေဖြတ်တောက်ခံထားရတယ်လို့ကြားရတယ်။ ဘယ်လိုရိက္ခာ‌မျိုးတွေ ဖြတ်ခံထားရတာလဲ။ ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ အဓိကကတော့ ဆန်ပေါ့။ အဲဒါလုံးဝပေးမသယ်ဘူး။ အခုဆိုဒီမှာ ပိုက်ဆံရှိရင်တော့ ဆန်ဝယ်လို့ မရဘူး။ ဝယ်လို့ရရင်လည်း အရင်က ၆ သောင်းတန်တစ်အိတ်ကို တစ်သိန်းကျော်ဖြစ်သွားပြီ။ ဘယ်လောက်ကြာပြီလဲဆိုတော့ အခုဆို (လုံးဝ ဆန်အပါအဝင် စားနပ်ရိက္ခာ သယ်ခွင့်မရတာ ဩဂုတ်လ ၂၃ ရက်အထိဆိုရင်) ၇ ရက်လောက်ဖြစ်နေပြီ။

DW ။ အရင်ကလည်း ရိက္ခာဖြတ်ခံရဖူးတယ်မလား။

ဖြေ ။ ဖြတ်ခံရတာကတော့ ဖြတ်ခံနေရတာပဲ။ အခုလောက် မဆိုးဘူး။ နည်းနည်းပါးပါး နည်းနည်းပါးပါး ဝယ်လို့ရနေသေးတယ်။ အခုကလုံး ကားပေါ်မှာ ဆန်တင်လို့ မရအောင်လုပ်တာမျိုး။

DW ။ ဒေသခံတွေမှာ ဘယ်လိုအခက်အခဲရှိလဲ။

ဖြေ ။ ကျွန်တော်တို့ကတော့ အကြောင်းမဟုတ်ဘူးပေါ့။ တစ်နေ့လုပ် တစ်နေ့စားတွေဆိုတော်တော် ဒုက္ခဖြစ်ကြတယ်။ ဆန်ဝယ်ဖို့ ပိုက်ဆံလည်းမရှိ၊ နေ့စားခရရင် အဲဒီက ရတာလေးနဲ့ ဝယ်မယ်ဆိုလည်း တစ်ပြည်၊ နှစ်ပြည် လိုက်ဝယ်လို့လည်း မရပြန်ဘူးလေ။

DW ။ အဲဒီဖက်မှာ လယ်တွေ၊ တောင်ယာစပါးတွေ မစိုက်ကြဘူးလား။

ဖြေ ။ ကျွန်တော်တို့ အရှ့တောမှာက လယ်မရှိဘူး။ အားလုံးက ဥယျာဉ်ခြံတွေပဲ များတယ်။ တောင်ယာစပါးကျတော့ ဘယ်လိုပြောရမလဲ ကျွန်တော်တို့ရွာမှာ အိမ်ခြေ ငါးရာလောက်ရှိတယ်ဆိုရင် သုံးလေးဆယ်လောက်ပဲ တောင်ယာ စပါး ရှိတာ။ မနှစ်က တောင်ယာစိုက်တဲ့သူလည်း တော်တော်နည်းတယ်။ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတာ ဆိုတော့ ဘယ်စိုက်ရ‌တော့မလဲ။ ဒီနှစ်တော့ စိုက်တဲ့သူတွေ နည်းနည်းရှိလာတယ်။ တခြားမှာမျိုး လယ်ရှိရင်တော့ ကောင်းသားပဲ။ ဆန်အတွက် မပူရတော့ဘူး။ ဒီမှာက ထားဝယ်ကဆန်ကိုပဲ မှီခိုနေရတာ။

DW ။ ရိက္ခာသယ်ခွင့်ကန့်သတ်ခံနေရတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ သူတို့ (စစ်ကောင်စီတပ်) ကတော့ PDF တွေကို ရိက္ခာထောက်ပံ့မှာ စိုးလို့ဆိုပြီး ဖြတ်တောက်တာပဲ။ တကယ်တမ်း ရိက္ခာပြတ်နေတာက သာမန်ပြည်သူတွေပဲဖြစ်နေတယ်။ ဆန်ဝယ်မရတဲ့သူဆို အခု ရတဲ့ သူဆီမှာ ချေးငှားစားနေရတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“တောင်ပျောက်တိုက်နယ်ကို ဝင်လို့ရသမျှ လမ်းအကုန်ပိတ်ထားတယ်”

သရက်ချာင်းမြို့နယ် တောင်ပျောက်တိုက်နယ်က ဒေသခံတစ်ဦး

DW ။ တောက်ပျောက်တိုက်နယ်ကို ရိက္ခာဖြတ်တောက်ထားတာ ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ အခုဆို တစ်နှစ်ကျော်ပြီပေါ့။ တနင်္သာရီတိုင်းအနေနဲ့ဆိုရင် ပထမဆုံးပဲလေ ပိတ်ခံထားရတာ။

DW ။ ဘယ်လိုပုံစံမျိုးနဲ့ ပိတ်ဆို့ထားတာလဲ။

ဖြေ ။ (စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက) သဲချောင်းကြီးမှာ တစ်ခုရှိမယ်။ ပြီးတော့ ဝင်းဝကနေပြီး ဗျတ်ဝိသားရွာကို လာတဲ့နေရာမှာ၊ ပြီးရင် စော်ဝလမ်းလည်း ပိတ်ထားတယ်။ တောင်ပျောက်တိုက်နယ်ကို ဝင်လို့ရသမျှ လမ်းအကုန်ပိတ်ထားတယ်လို့ ပြောလို့ရတယ်။

DW ။ တစ်နှစ်ကျော်အထိ ပိတ်ဆို့ခံထားရတာဆိုတော့ ဒေသခံတွေ ဘယ်လိုစားသောက်နေထိုင်နေကြတာလဲ။

ဖြေ ။ သူတို့ (စစ်ကောင်စီတပ်) က အဝင်ရော၊ အထွက်ရောပိတ်ထားတာ။ အဝင်ဆိုရင် ဆန်တို့၊ ဆေးဝါးတို့ပါမယ်။ ဆန်ဆိုရင် တစ်အိတ်ထက် ပိုသယ်ခွင့်မပေးဘူး။ ပိုသယ်တယ်ဆိုရင် ဘာလုပ်ဖို့လည်း PDF ကို ထောက်ပံ့ဖို့လား။ အရမ်း အစစ်ခံရတယ်။ ပိုက်ဆံတောင်းတယ်။ အထွက်ဆိုရင်တော့ ရော်ဘာတို့၊ ကွမ်းသီးတို့၊ ငရုတ်ကောင်းတို့ တင်မယ်ဆိုရင်လည်း ပိုက်ဆံ‌တောင်းတယ်။ ခြံထွက်သီးနှံတွေ ထားဝယ်ကိုပို့ရင် သူတို့ (စစ်ကောင်စီတပ်) က ဂိတ်တွေမှာ တားပြီး ပိုက်ဆံတောင်းတယ်။ ရာသီပေါ်သီးနှံတွေက နဂိုက ဈေးမရတဲ့ကြားထဲ သူတို့ကိုပါ ပိုက်ဆံပေးနေရတော့ လိုတိုင်းမရဘဲဖြစ်နေတာပေါ့။ သူတို့က ကားတစ်စီးကို ဘယ်လောက်ဆိုပြီး တောင်းတာ။ တစ်ခါသွားရင် တစ်ခါတောင်းတာ။ ဘယ်လောက်ဆိုပြီး သတ်သတ်မှတ်မဟုတ်ဘူး။ တောင်းချင်သလိုတောင်းတာ။

DW ။ ဆန်သယ်တာကန့်သတ်ထားတာဆိုတော့ မလုံလောက်ရင်ဘယ်လိုလုပ်ကြလဲ။

ဖြေ ။ တချို့ စီးပွားရေးလုပ်နေတဲ့သူတွေ ရှိတယ်လေ။ သူတို့မှာ ဈေးကြီးပေးဝယ်ပြီး ဒီလိုပဲ ရပ်တည်နေရတာပေါ့။ ရွာတိုင်းမှာ တချို့စီးပွားရေးရှင်တွေ ရှိတယ်လေ။ သူတို့က သွားလမ်း၊ လာလမ်းပေါက်တဲ့သူတွေ၊ ဂိတ်တွေကိုလည်း ငွေပေးနိုင်တယ်လေ။ အဲဒီမှာသူတို့ပြောတဲ့ဈေးနဲ့ဝယ်ရတာပေါ့။ အခုဆို တိုက်နယ်ထဲမှာ ဆန်ကြမ်းတစ်အိတ်ကို ၆ သောင်း (ကျပ်) နဲ့ ဝယ်နေရတယ်။

DW ။ ကျန်းမာရေးမှာဆိုရင်ရော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ တောင်ပျောက်က ထွက်လမ်းမှာဆိုရင် အရမ်းကိုခက်ခဲတာဆိုတော့ ဒီထဲမှာပဲ အဆင်ပြေသလိုပဲ ဆေးကုရတယ်။ ဆုံးတဲ့သူတဲ့ဆုံး၊ နည်းနည်းပါးပါးသက်သာတဲ့သူလည်းသက်သာ၊ မသက်သာတဲ့သူလည်းမသက်သာ ဒီလိုပဲနေနေရတာပဲ။ ဒီမှာထဲမှာ ကိုယ်ဝန်သည်တွေလည်း အဲဒီအတိုင်းပဲ။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ အခုဆိုရင် အလှူရှင်တွေကလည်း တိုက်ပွဲတွေမဖြစ်တဲ့ ဒေသဆိုရင် သူတို့ကလည်း မကူပေးဘူးလေ။ အခုဆိုရင် တောင်ပျောက်ဖက်ကို စစ်ကြောင်းထိုးနေတယ်။ စစ်ကြောင်းထိုးပြီဆို တိုက်ပွဲမဖြစ်လည်း ရွာလုံးကျွတ် ထွက်ပြေးနေရတာပဲ။ ဟိုနှစ်ရက်ကဆို (ဩဂုတ် ၂၁၊ ၂၂ ရက်က) ဝင်းကဖော်အနောက်ကမ်းမှာ တပ်လာစွဲထားတယ်။ အင်အားက ၆၀ လောက်ရှိတယ်ပြောတယ်။ အခုက အလယ်စု (ရွာ) အနောက်ကမ်းကို ရောက်နေပြန်ပြီ။ အဲဒီရွာတွေက အကုန်ထွက်ပြေးရတယ်။ ထွက်ပြေးရရင် စားဖို့သောက်ဖို့ ခက်ခဲတာပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။

“အိမ်သုံးဆေးလည်း ပေးမသယ်ဘူး”

ပုလောမြို့နယ် ရှမ်းဒွတ်ကျေးရွာသားတစ်ဦး

DW ။ ပုလောမြို့ကနေ ရွာဖက်ကို ဆန်ရိက္ခာတွေ သယ်ယူလို့ရနေပြီလားခင်ဗျ။

ဖြေ ။ ဆန်ဆီက လိုသလောက်သယ်ခွင့် မရသေးဘူး။ လူတစ်ယောက်ကို ဆန်သုံးလေးပြည်လောက်၊ စားဆီဆိုတစ်ဘူး အဲဒီလောက်ပဲ ဟိုဟာနည်းနည်း ဒီဟာနည်းနည်းပဲ သယ်လို့ရတယ်။ အများကြီး ပေးမသယ်ဘူး။

DW ။ စက်သုံးဆီတွေကရော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ စက်သုံးဖို့ ဒီဇယ်၊ ဓါတ်ဆီလည်း လုံးဝပေးမသယ်ဘူး။ မြက်ခုတ်စက်မောင်းဖို့ ဓါတ်ဆီနှစ်ဘူးလောက် သယ်တာတောင် ပေးမသယ်ဘူးဖြစ်နေတယ်။

DW ။ ဒီလိုဆိုရင်နေ့စဉ် ဘယ်လိုလုပ်ပြီး စားသောက်နေကြလဲ။

ဖြေ ။ ဒီလိုပဲ စားရေးသောက်ရေးအတွက် မှောင်ခိုသယ်လာတဲ့ လမ်းကြောင်းကိုပဲ အားကိုးပြီး ဝယ်စားနေရတာပေါ့။

DW ။ မှောင်ခိုလမ်းကြောင်းက ဝယ်ခြမ်းစားသောက်နေရတော့ ဈေးတွေ မကြီးဘူးလား။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ဈေးကြီးပေးပြီး ဝယ်စားနေရတာပေါ့။ ဆန်ဆိုရင် တစ်ပြည်ကို မြို့ပေါက်ဈေးထက် တစ်ထောင်ပိုတယ်။ စားဆီလည်း အဲဒီလိုပဲ တစ်ဘူးကို တစ်ထောင်ပိုပေးပြီး ဝယ်စားနေရတယ်။

DW ။ အိမ်သုံးဆေးဝါးတွေကရော သယ်လို့ရသလား။

ဖြေ ။ အိမ်သုံးဆေးလည်း အတူတူပဲ။ ပေးမသယ်ဘူး။ အင်္ဂလိပ်ဆေးဆို ပိုပြီးကန့်သတ်တယ်။ ဗမာဆေး အဖျားပြတ်ဆေးတို့ ချောင်းဆိုးပျောက်ဆေးတို့ပဲ သယ်လို့ရတယ်။

DW ။ စားရေးသောက်ရေး ခက်ခဲတော့ရွာမှာ လူတွေက ဘယ်လိုနေထိုင်စားသောက်နေကြလဲ။ လူတွေ ရှိကြသေးရဲ့လား။

ဖြေ ။ ကျွန်တော်တို့ရွာမှာတော့ လူတွေအများစု နေထိုင်နေကြသေးတယ်။ ပုလောကုန်းဖက်မှာဆို လူတွေ မရှိကြတော့ဘူးလို့ သိရတယ်။ စားရေးသောက်ရေးကတော့ ဒီလိုပဲကြံဖန်ပြီး စားသောက်နေရတယ်။

DW ။ ဘယ်လိုအကြောင်းတွေကြောင့် လူတွေမနေထိုင်ကြတော့တာလဲ။

ဖြေ ပုလောကုန်းရွာမှာဆို တိုက်ပွဲတွေ ခဏခဏဖြစ်တယ်။ ပုလောတပ်ရင်းကလည်း လက်နက်ကြီးတွေ မကြာမကြာပစ်တော့ လူတွေက မနေရဲကြတော့ဘူး။ နောက်ပြီး စားရေးသောက်ရေးကလည်း ကျပ်တည်းလာတော့ လူတွေက တခြားနေရာတွေကို ပြောင်းကုန်ကြပြီ။

DW ။ လက်ရှိနေတဲ့ သူတွေကရော ဘာကြောင့်မပြောင်းကြတာလဲ။ ဘာအလုပ်တွေ လုပ်နေကြလဲ။

ဖြေ ။ လက်ရှိကတော့ ဥယျာဉ်ခြံတွေ လုပ်နေကြတယ်။ စပါးလည်းလုပ်ကြတယ်။ အခု လယ်ထွန်ပျိုးကြဲလို့ ပြီးပြီ။ ကိုယ်လည်း ပြောင်းပြေးချင်ပေမယ့်လည်း အခြားနေရာမှာ လုပ်စားလို့လည်းမတတ်။ ဒီလယ် ဒီဥယျာဉ်လေး လုပ်မှပဲ စားရတယ်ဆိုတော့ လက်နက်ကြီးကျမှာ ကြောက်လည်း ကြောက်ကြောက်နဲ့ လုပ်နေရတယ်။ဒီနှစ်က စပါးဈေးကလည်း ကောင်းတယ်ဆိုတော့ ဒီလိုပဲလုပ်နေရတာပေါ့။

DW ။ ပုလောဖက်မှာ အဲဒီလိုမျိုး ရိက္ခာဖြတ်တောက်ခံနေရတဲ့ ရွာတွေက ဘယ်လောက်ရှိနိုင်လဲ။

ဖြေ ။ ရွာတွေကတော့ အများကြီးရှိတယ်။ ဒီနားအုပ်စုတွေ အကုန်လုံးပေါင်းရင် ရွာပေါင်းနှစ်ဆယ်ကျော်လောက်တော့ ရှိနိုင်တယ်။ ကရင်လူမျိုးနဲ့ မြန်မာလူမျိုးနေထိုင်ကြတာတွေလည်း ရှိပါတယ်။

DW ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

“ဆန်နဲ့ စက်သုံးဆီ သယ်လို့မရရင်တော့ သွားလာရေး၊ စားရေးသောက်ရေးခက်မယ်”

တနင်္သာရီမြို့နယ် တကူကျေးသားတစ်ဦး

DW ။ အခုရက်ပိုင်းအတွင်း တကူဖက်ခြမ်းကို ဆန်၊ စက်သုံးဆီနဲ့ ဆေးဝါးတွေ ဇဝဲဂိတ်ကနေ ပေးမသယ်တော့ဘူးလို့ ကြားရတယ်။ လက်ရှိအခြေအနေ ကုန်ဈေးနှုန်းတွေတက်တာ၊ ပြတ်လပ်သွားတာမျိုးရှိလား။

ဖြေ ။ ပေးမသယ်တာ ရက်ပိုင်းပဲ ရှိသေးတယ်ဆိုတော့ အခြေအနေတွေက မသိသာသေးဘူး။ ဆန်ဆီမဟုတ်တဲ့ တခြားကုန်တွေတော့ ပေးသယ်တယ်ကြားရတယ်။

DW ။ ဆန်တွေဈေးတက်သွားတာမျိုးရှိလား။ တခြားဘာတွေ တက်သွားသေးလဲ။

ဖြေ ။ ဆန်ကတော့ ဆန်ကြမ်း တစ်ပြည် သုံးထောင့်လေးရာကနေ တစ်ရာတက်သွားတယ်။ စက်သုံးဆီနည်းနည်း ဈေးတက်တယ်။

DW ။ ဆန်နဲ့ စက်သုံးဆီ သယ်မရရင်ဘာတွေဖြစ်လာနိုင်လဲ။

ဖြေ ။ ဆန်နဲ့ စက်သုံးဆီ သယ်လို့မရရင်တော့ သွားလာရေး၊ စားရေးသောက်ရေးခက်မယ်။ ဖုန်းတိုင်တွေ အလုပ်မလုပ်တော့ဘူး။ မီးတိုင်တွေလည်း မီးလင်းပါဦးမလား မသိတော့ဘူး။ အခက်အခဲတော့ ရှိလာနိုင်တယ်။ လောလောဆယ်တော့ စောင့်ကြည့်ရဦးမယ်။ အခြေအနေတွေက ပြောလို့မရသေးဘူး။

DW ။ ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

(တနင်္သာရီမြို့နယ်က တကူ၊ သရဘွင်ကျေးရွာအုပ်စုတွေဆီသို့ ဆန်၊ စက်သုံးဆီနဲ့ ဆေးဝါးများတင်ပို့မှုကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၉ ရက်နေ့တွင် ပိတ်ဆို့လိုက်ပါတယ်။ အရင်ကလည်း ဒီလိုမျိုး ပိတ်ပင်ဖူးပါတယ်။ လတ်တလောမှာ စားသောက်ကုန်တွေ ဈေးခုန်တက်တာ၊ ပြတ်လပ်တာမရှိသေးပေမယ့် ရက်ကြာလာတာနဲ့ အမျှ ဈေးတက်တာ၊ ပစ္စည်းပြတ်လပ်တာတွေ ရှိလာနိုင်တယ်လို့ဒေသခံတချို့က ဆိုပါတယ်။)