ဖူးခက်၏ ညဥ့်ဖျော်ဖြေရေးနေရာများ နံနက် ၄ နာရီအထိ ဖွင့်လှစ်ခွင့်ပေးရန် ထိုင်း၀န်ကြီးချုပ်သစ်ကို တောင်းဆို

0
1576

ဖူးခက်ရှိ ညဥ့်ဖျော်ဖြေရေး ဆိုင်ရာ လုပ်ငန်းရှင်များက ပသုန်း ကမ်းခြေရှိ လုပ်ငန်းနေရာများကို လက်ရှိ သတ်မှတ်ထားသည့် နောက်ဆုံးထား အချိန် နံနက် ၁ နာရီ အစား နံနက် ၄ နာရီအထိ ဖွင့်ခွင့်ပြုရန် ထိုင်းဝန်ကြီးချုပ်သစ် ဆေထာ ထာ၀ီဆင် အား အဆိုပြုတောင်းဆိုထားသည်။

ဩဂုတ်လ ၂၆ရက်နေ့ တွင် ၀န်ကြီးချုပ် နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ လုပ်ငန်း ကိုယ်စားလှယ်များ အကြား အစည်းအ၀ေး အတွင်း ယခုလို အဆိုပြုလွှာ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ဖူးခက် ၊ ပသုန်းကမ်းခြေ ရှိ ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်သူများ အသင်း ဥက္ကဋ္ဌ Weerawit Kruasombat က ပြောသည်။

လက်ရှိတွင် ဝန်ကြီးချုပ် ဆေထာ သည် ဖူးခက်နှင့် ဖန်းငမြို့များသို့ ခရီးသွား လုပ်ငန်းရှင်များနှင့် တွေ့ဆုံရန် ရောက်ရှိနေသည်။

ဆေထာ အနေနှင့် ယင်းတို့၏ လက်ရှိဖွဲ့စည်းနေသော အစိုးရအဖွဲ့တွင် ၎င်းတို့၏ အဆိုပြုချက်ကို ထည့်သွင်းစဉ်းစားမည်ဟု ကတိပြုခဲ့ကြောင်း Weerawit က အခိုင်အမာဆိုသည်။

အလားတူ နယ်ပယ်အတွင်း နောက်ထပ် လုပ်ငန်းရှင် တစ်ဦး ဖြစ်သည့် Preechawut Keelin ကလည်း ညဥ့်ဖျော်ဖြေရေး လုပ်ငန်းများအတွက် ပိတ်ချိန် နံနက် ၁ နာရီ သည် လက်တွေ့မကျဘဲ နိုင်ငံခြား ခရီးသွားများ အတွက် အဆင်မပြေကြောင်း၊ ခရီးသည် အများစုမှာ ညဉ့်နက်မှ ဘားများ လာရောက် လည်ပတ်ကြပြီး နံနက် ၁ နာရီတွင် နောက်ဆုံးထား ပိတ်ပါက အချိုရည် အနည်းငယ်သာ သောက်ကာ ပြန်သွားရလေ့ ရှိကြောင်း ပြောသည်။

ဆက်လက်ပြီး နံနက် ၄နာရီ နောက်ဆုံးထား ဖွင့်လှစ်ခွင့် ၏ လုံခြုံရေး၊ လူ့အဖွဲ့အစည်း၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို အကဲဖြတ်ရန် ခရီးသွား၀င်ရောက်မှု မြင့်မားသော ကာလ အတွင်း ပသုန်းကမ်းခြေတွင် နေရာတစ်ခု သတ်မှတ်ကာ အဆိုပါ ဧရိယာကို နံနက် ၄ နာရီအထိ ဖွင့်လှစ်ခွင့်အား ခြောက်လကြာ အစမ်းလုပ်ဆောင်ကြည့်သင့်ကြောင်း ယင်းလုပ်ငန်းရှင်က အကြံပြု ထားသည်။

ဝန်ကြီးချုပ် ဆေထာ သည် ဖူးခက်သို့ ရောက်ရှိစဥ် ဘားများ၊ အနှိပ်ခန်းများနှင့် အရက်ဆိုင်များဖြင့် စည်ကားနေသော ပသုန်း ကမ်းခြေတစ်လျှောက်တွင် လည်ပတ်ကြည့်ရှုခဲ့ပြီး ဓာတ်ပုံရိုက်ရန် ကြိုးစားသည့် ခရီးသွားများနှင့် ဒေသခံများ၏ ကြိုဆိုမှုကို ရရှိခဲ့သည်။

Reference ● Thai PBS World