ဒေ့ဗ်လက်ဒပ်(ဒေဝ)နှင့် ကမ္ဘာဒီးယားက ပရန်စမ်နန်တို့ အလဲထိုးစနစ်၊ တစ်ချီ ၉ မိနစ်နှုန်းနှုန်းဖြင့် နိုဝင်ဘာလ ၅ ရက်နေ့ ထိုးမည်

0
1809
photo - Dave Leduc Facebook

ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဆုကို ၆ ကြိမ်တိုင် ဆွတ်ခူးရရှိခဲ့ဖူးသော ဒေ့ဗ်လက်ဒပ်(ခ)ဒေဝ သည် က‌မ္ဘောဒီးယား ကိုယ်ခံပညာစုံတိုက်ခိုက်ရေး အားကစားလောကတွင် လက်ရှိအကြီးကျယ်ဆုံး ကစားသမားအဖြစ် ရပ်တည်နေသူ ပရန်စမ်နန်နှင့် လာမည့် နိုဝင်ဘာလ ၅ ရက်နေ့တွင် စိန်ခေါ်ပွဲ ထိုးသတ်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

ပရန်စမ်နန်နှင့် ၎င်းတို့၏အထူးစိန်ခေါ်ပွဲကို နိုဝင်ဘာလ ၅ ရက်နေ့၌ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း ဒေဝက ၎င်း၏လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အတည်ပြုထားပြီဖြစ်ပြီး ဒေဝနှင့်ထိုးသတ်မည့် စိန်ခေါ်ပွဲစဉ်မတိုင်မီတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်က ၎င်းနှင့်လာရောက်တွေ့ဆုံရန် ပရန်စမ်နန်ကို ဖိတ်ခေါ်ထားကြောင်းလည်း သတင်းရရှိသည်။

ပရန်စမ်နန်သည် 2023 Thai Fight ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ထားပြီး ဆီးဂိမ်းတွင်လည်း ရွှေတံဆိပ်ဆုရရှိထားသောကြောင့် ၎င်းနှင့် ပရန်စမ်နန်တို့ ထိုးသတ်မည့်ပွဲမှာ အကြီးကျယ်ဆုံးသော ပွဲကြီးပွဲကောင်းဖြစ်လာလိမ့်မည်ဟုလည်း ဒေဝက မှတ်ချက်ပေးထားသည်။

ပရန်စမ်နန်သည် ၎င်း၏ကစားသမားဘဝဖြတ်သန်းမှုအတွင်း ပွဲစဉ်ပေါင်း ၁၅၀ ထိုးသတ်ခဲ့ပြီးပြီဖြစ်ကာ ယင်းပွဲစဉ် ၁၅၀ တွင် ပရန်စမ်နန်က ပွဲ ၁၄၀ ကို အနိုင်ရရှိထားသည်။ အနိုင်ရရှိခဲ့သော ပွဲစဉ် ၁၄၀ တွင် ပရန်စမ်နန်က ၇၃ ပွဲကို အလဲထိုးရလဒ်ဖြင့် အနိုင်ယူခဲ့ပြီး လက်ရှိတွင်လည်း နောက်ဆုံးထိုးသတ်ခဲ့သော ပွဲစဉ် ၃၂ ပွဲဆက်တိုက် အနိုင်ရသောစံချိန်ကို စိုက်ထူထားသည်။

ဒေဝနှင့် ပရန်စမ်နန်တို့သည် ရိုးရာကွမ်းခမာကြိုးများနှင့် ထိုးသတ်ကြမည်ဖြစ်ပြီး ယခုပွဲစဉ်တွင် အမှတ်ဖြင့် ဆုံးဖြတ်သည့်စနစ် ပါရှိမည်မဟုတ်ဘဲ အလဲထိုးနိုင်သူကသာ အနိုင်ရမည့်စနစ်ဖြင့် ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဒေဝနှင့် ပရန်စမ်နန်တို့သည် ပွဲချီတစ်ချီလျှင် ၉ မိနစ်နှုန်း(အနားမပါ)ဖြင့် ထိုးသတ်ကြလိမ့်မည်ဖြစ်ပြီး အရှေ့တောင်အာရှ၏လက်ဝှေ့ဘုရင် မည်သူဆိုသည်ကို ရွေးချယ်သည့်ပွဲစဉ်သဖွယ် ဖြစ်လာလိမ့်မည်ဟု ဒေဝက အသိပေးထားသည်။