ပိုက်ဆံမလို ဆန်သာလိုတဲ့ ပိတ်ဆို့ခံဒေသ

0
1814

သူတို့အတွက် ပိုက်ဆံကအရေးမကြီးတော့။

ပိုက်ဆံက စားဝတ်နေရေးအတွက် လိုအပ်တာတွေ ဝယ်ယူစားသုံးဖို့ ကြားခံတစ်ခုမဟုတ်လား။

ဒီလိုဝယ်လို့ မရတဲ့နေရာမှာတော့ ပိုက်ဆံက ဘာအသုံးဝင်နိုင်မလဲ။

ပိုက်ဆံဘယ်လောက်ရှိရှိ ကိုက်စားလို့ရတာမဟုတ်။ အချိန်တန်ရင် တဂွီဂွီနဲ့ ဆာလောင်လာတဲ့ အစာအိမ်ကိုဖြည့်ဖို့ ဆန်ရှိမှရမယ်မဟုတ်လား။

ဒီတော့ ထားဝယ်အရှေ့တောဒေသမှာ လုပ်အားခကို ဆန်နဲ့ရှင်းပေးဖို့ ပိုလိုလားနေကြတာဖြစ်ပါတယ်။

“နေ့စားခအတွက် ပိုက်ဆံမယူတော့ဘူး။ ဆန်ပဲလိုချင်တယ်ပြောပြီး ဆန်ပဲယူတယ်။ ဆန်အဓိကဖြစ်နေတာဆိုတော့ ပိုက်ဆံက ဘာမှသုံးလို့မဝင်တော့ဘူး”

ဒီလိုပြောလိုက်တာက တောခုတ်၊ ခြံရှင်း ကျပန်းလုပ်သမားဖြစ်တဲ့ ဟိန္ဒားပြင်ရွာသား ကိုထွန်းထွန်း(အမည်လွှဲ)ပါ။

သူရတဲ့ တစ်နေ့ လုပ်အားခ တစ်သောင်းကျပ်နဲ့ဆိုရင် ဆန်ကြမ်းတစ်ပြည်ပဲရတယ်လို့ ဆိုပါတယ်။

လုပ်အားခကျသင့်ငွေကို ပိုက်ဆံမယူတော့ဘဲ ဆန်ကိုပဲတောင်းဆိုနေတာက အရှေ့တောဒေသမှာ ဆန်ဝယ်ယူရ ဘယ်လောက်ခက်ခဲနေတယ်ဆိုတာကို ညွှန်ပြနေတာပါ။

စစ်အာဏာသိမ်းမှုနဲ့ အတူပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးက မြန်မာနိုင်ငံအနှံ့မှာ အားကောင်းကောင်းနဲ့ ဖြစ်ပွားနေပါတယ်။

တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့ဒေသတွေကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက ရိက္ခာဖြတ်တဲ့ နည်းလမ်းကို အသုံးပြုလာတာပါ။ ဒေသအတော်များများမှာ ဒီလိုနည်းလမ်းနဲ့ ထိန်းချုပ်ဖို့ စစ်ကောင်စီက လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

တနင်္သာရီတိုင်းက ဒေသအချို့မှာလည်း ရိက္ခာသယ်ယူခွင့် ကန့်သတ်တာတွေကို စစ်ကောင်စီက လုပ်ဆောင်နေပါတယ်။

တနင်္သာရီတိုင်းထဲက ထားဝယ်ခရိုင် အရှေ့တော၊ တောင်ပျောက်တိုက်နယ် နဲ့ မြိတ်ခရိုင် ပုလောအရှေ့ဖျား၊ တနင်္သာရီ ဒေသတွေမှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေ သယ်ယူခွင့်ကို တားမြစ်ထားတာပါ။

ဖိနှိပ်ခံနေရတဲ့ အရှေ့တောဒေသ

ထားဝယ်-ထီးခီးလမ်းပေါ်က အရှေ့တောဒေသဟာ ခုခံတော်လှန်စစ်အားကောင်းတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီလမ်းတကြောကို စစ်ကောင်စီက ထိန်းချုပ်ဖို့ကြိုးစားနေသလို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကလည်း နယ်မြေစိုးမိုးဖို့ ကြိုးစားနေတာပါ။

စစ်ကောင်စီက စစ်ကြောင်းထိုးတာ၊ ရွာတွေကို မီးရှို့တာမျိုးတွေ လုပ်ပြီးနယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် ဒီကနေ့အထိ မထိန်းချုပ်နိုင်သေးပါဘူး။

ဒါကြောင့်လည်း ဗျူဟာတစ်ခုထပ်တိုးပြီး ထားဝယ်အရှေ့တောကို ဖြတ်လေးဖြတ်ပုံစံနဲ့ ရိက္ခာဖြတ်တောက်ဖို့ နောက်တစ်ဆင့် လုပ်ဆောင်လာတာပါ။

ထားဝယ်မြို့ကနေ ထိုင်းနယ်စပ် ကန်ချနဘူရီမြို့ကိုသွားတဲ့ ထီးခီးလမ်းပေါ်က အရှေ့တောဒေသဟာ ကွမ်းသီး၊ ရော်ဘာ စတဲ့ ဥယျာဉ်ခြံတွေ အများဆုံးရှိပြီး လယ်မြေအလွန်းနည်းပါးတဲ့ ဒေသဖြစ်ပါတယ်။

နေ့စဉ်လိုအပ်တဲ့ဆန်ကို ထားဝယ်မြို့ကနေ အဓိကသယ်ယူရတာပါ။ တောင်ယာစပါးစိုက်တဲ့ ဒေသခံအချို့ရှိပေမယ့် အရမ်းနည်းပါးလှပါတယ်။

ဒေသခံတွေရဲ့ အသက်သွေးကြော ထီးခီးလမ်းကို စစ်ကောင်စီတပ်က ကန့်သတ်ပိတ်ဆို့တာကို ခံနေရပါတယ်။

ထားဝယ်မြို့ကနေ ရှေ့တောဖက်ကိုထွက်တဲ့ ဗျောတောဝစစ်ဆေးရေးဂိတ်ကနေစပြီး လမ်းတစ်လျှောက် စစ်ကောင်စီစစ်ဆေးရေး ဂိတ်တွေက အရှေ့တောဒေသကို ရိက္ခာသယ်ယူခွင့် ကန့်သတ်ထားတာပါ။

အရင်ကလည်း အလားတူဆန်သယ်ယူတာ ဖြတ်တောက်တာမျိုးတွေရှိပေမယ့် အခုတစ်ခါက ပိုပြီးတင်းတင်းကြပ်ကြပ် လုပ်ဆောင်လာတာကို မြင်တွေ့နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဓိက ကန့်သတ်တာကတော့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်နဲ့ ဆေးဝါးတွေဖြစ်တယ်လို့ ကားသမားတစ်ဦးကဆိုပါတယ်။

“အခုဆိုရင် အဲဒီပစ္စည်းတွေ လုံးဝတင်ခွင့်မပေးတာ တစ်ပတ်လောက်ရှိနေပြီ။ အရင်ကဆိုရင်တော့ တစ်အိတ်စ နှစ်အိတ်စ သယ်ရင်ဘာမှမပြောဘူး” လို့ ကားသမားတစ်ဦးက ဩဂုတ်လ ၂၃ ရက်က ပြောပါတယ်။

ဆန်သယ်ယူခွင့် ပိတ်လိုက်တဲ့အတွက် အရင်က ကျပ်ခြောက်သောင်း၊ ခုနစ်သောင်းတန် ဆန်တစ်အိတ်ကို အခုဆိုရင် ကျပ်တစ်သိန်းလောက် ပေးဝယ်နေရတယ်လို့ဆိုပါတယ်။

အရှေ့တောဒေသမှာ လယ်မြေမရှိသလောက် နည်းပါးသလို တောင်ယာစပါးစိုက်တဲ့သူ အနည်းငယ်ရှိပေမယ့် တိုက်ပွဲတွေမကြာခဏဖြစ်နေတာကြောင့် မနှစ်က တောင်ယာစိုက်တဲ့သူ မရှိသလောက်ပဲလို့ ဒေသခံတစ်ဦးကဆိုပါတယ်။

ဒီနှစ်တော့ ဆန်အခက်အခဲ ကြီးကြီးမားမား ရင်ဆိုင်နေရတာကြောင့် အရဲစွန့်ပြီး တောင်ယာစပါးစိုက်ပျိုးတာတွေ နည်းနည်းပါးပါးတွေ့လာရတယ်လို့ ကျောက်မဲတောင် ကျေးရွာအုပ်စုက ကရင်တိုင်းရင်သားတစ်ဦးကဆိုပါတယ်။

“ငါတို့မှာတော့ (တောင်ယာ) စပါး ဆယ်တင်းလောက်ရှိသေးတယ်။ အဲဒါနဲ့အခုစားနေတာ။ အဲဒါကုန်ရင်တော့ ငတ်ပဲငတ်မလား မပြောတတ်သေးဘူး” လို့ အဲဒီကရင်တိုင်းရင်းသားကဆိုပါတယ်။

မြို့ပေါ်နေသူတွေက ကုန်ဈေးနှုန်းကြီးတယ်လို့ ပြောဆိုနေကြတဲ့အချိန် ပိတ်ဆို့ခံထားရတဲ့ အရှေ့တောဒေသမှာတော့ ပိုက်ဆံရှိရင်တောင် အလွယ်တကူ ဆန်ဝယ်လို့မရပါဘူး။

ဒါကြောင့် တစ်နေ့လုပ်တစ်နေ့စားသမားဖြစ်တဲ့ ကိုထွန်းထွန်းတစ်ယောက် ပိုက်ဆံရလည်း ဆန်ဝယ်ဖို့နေရာမရှိတာကြောင့် သူ့လုပ်အားခဖိုး ဆန်ပေးဖို့ပဲတောင်းတော့တာပါ။

“ပိုက်ဆံရှိလည်း ဝယ်စားလို့မှမရတာ။ မရှိရင်တော့ သူများဆီမှာ ဒီလိုပဲ (ဆန်)လိုက်ချေး၊ လိုက်ငှားစားနေရတာပေါ့။ စစ်ကြောင်းထိုးသံကြားရင် ပြေးရတာကရှိသေးတယ်” လို့ ကိုထွန်းထွန်းကဆိုပါတယ်။

တချို့ငွေကြေးတတ်နိုင်သူတွေက ရသလောက် ဆန်ဝယ်စုနေတာကလည်း ကိုထွန်းထွန်းတို့လို လက်လုပ်လက်စားတွေမှာ ပိုအခက်တွေ့နေကြရပါတယ်။

အမဲဖျက်ခံနေရတဲ့ တောင်ပျောက်တိုက်နယ်

ထားဝယ်အရှေ့တောဒေသလိုပဲ ပိတ်ဆို့ခံထားရတဲ့ နောက်ထပ်ဒေသတစ်ခုကတော့ သရက်ချောင်းမြို့နယ်က တောင်ပျောက်တိုက်နယ်ပဲဖြစ်ပါတယ်။

ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်က ဝင်ပေါက်၊ ထွက်ပေါက်တွေအားလုံးကို ပိတ်ဆို့ စစ်ဆေးတင်းကြပ်ထားတာ တစ်နှစ်ကျော်လာပါပြီ။ တနင်္သာရီတိုင်းမှာ ပထမဆုံး ဖြတ်လေးဖြတ် ဗျူဟာနဲ့ ပိတ်ဆို့ခံနေရတဲ့ ဒေသလည်းဖြစ်ပါတယ်။

ဒေသခံတွေကတော့ စစ်ကြောင်းထိုးလာရင် တောတောင်တွေထဲ တိမ်းရှောင်လိုက်၊ ပြန်ထွက်သွားရင် နေအိမ်ပြန်လာပြီး ခြံလုပ်ငန်းတွေလုပ်ကိုင်လိုက် ကျီးလန့်စာစားဘဝနဲ့ ရှင်သန်နေရတာပါ။

စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ် ဒါမှမဟုတ် စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးတွေကို ငွေပေးနိုင်သူတွေသာ တိုက်နယ်ထဲ ရိက္ခာနဲ့ ဆေးဝါးသယ်ယူ ရောင်းချခွင့်ပေးထားပြီး ဒေသခံတွေကိုတော့ ဆန်တစ်အိတ်ထက် ပိုသယ်ခွင့်မပြုဘူးလို့ ဆိုပါတယ်။

တိုက်နယ်ထဲကထွက်တဲ့ ကွမ်းသီး၊ သီဟို၊ ငရုပ်ကောင်း စတဲ့ခြံထွက်သီးနှံတွေကိုလည်း မြို့ပေါ်တက်ရောင်းခွင့်ကို ကန့်သတ်ပိတ်ပင်ထားပြန်ပါတယ်။

“ခြံထွက်သီးနှံတွေ ထားဝယ်ကိုပို့ရင် သူတို့(စစ်ကောင်စီတပ်) က ဂိတ်တွေမှာတားပြီး ပိုက်ဆံတောင်းတယ်။ ရာသီပေါ်သီးနှံတွေက နဂိုက ဈေးမရတဲ့ကြားထဲ သူတို့ကိုပါ ပိုက်ဆံပေးနေရတော့ လိုတိုင်းမရဘဲဖြစ်နေတာပေါ့” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

ဒါကြောင့် ဒေသခံတွေမှာ တစ်ဖက်က ဝင်ငွေနည်းပြီး တစ်ဖက်မှာတော့ ဈေးကြီးကြီးနဲ့ ပေးဝယ်စားနေကြရတာပါ။

လမ်းတစ်လျှောက်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ငွေပေးနေရတာကြောင့် တိုက်နယ်ထဲရောက်လာရင် ကုန်ပစ္စည်းဈေးက သာမန်ထက်နှစ်ဆလောက် ဈေးမြောက်သွားလေ့ရှိတာပါ။

“တချို့ စီးပွားရေးလုပ်နေတဲ့သူတွေရှိတယ်လေ။ သူတို့မှာ ဈေးကြီးပေးဝယ်ပြီး ဒီလိုပဲ ရပ်တည်နေရတာပေါ့။ ရွာတိုင်းမှာ တစ်ချို့စီးပွားရေးရှင်တွေ ရှိတယ်လေ။ သူတို့က သွားလမ်း၊ လာလမ်းပေါက်တဲ့သူတွေ၊ ဂိတ်တွေကိုလည်း ငွေပေးနိုင်တယ်လေ” လို့ ဒေသခံအမျိုးသမီးတစ်ဦးကဆိုပါတယ်။

ကျန်းမာရေးဆိုလည်း ဆရာဝန်၊ သူနာပြုမရှိ၊ ဆေးရုံ၊ ဆေးပေးခန်းနတ္ထိ။

စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖြူရောင်မေတ္တာဆေးအဖွဲ့သည်သာ တောင်ပျောက်တိုက်နယ်သားတွေရဲ့ တစ်ခုတည်းသော အားကိုးရာဖြစ်နေပါတယ်။

“တောင်ပျောက်က အထွက်လမ်းမှာဆိုရင် အရမ်းကိုခက်ခဲတာဆိုတော့ ဒီထဲမှာပဲ အဆင်ပြေသလိုပဲ ဆေးကုရတယ်။ ဆုံးတဲ့သူဆုံး၊ နည်းနည်းပါးပါးသက်သာတဲ့သူလည်းသက်သာ၊ မသက်သာတဲ့သူလည်းမသက်သာ ဒီလိုပဲနေနေရတာပဲ” လို့ အလယ်စုရွာသူတစ်ဦးကဆိုပါတယ်။

ပိတ်ဆို့ခံ ပုလောအရှေ့ဖျား

တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းက တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်တွေကို စစ်ကောင်စီက ၂၀၂၂ ဖေဖော်ဝါရီ ၂ ရက်မှာ စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး တော်လှန်ရေးအားကောင်းတဲ့ ပုလောဒေသအတွင်းက ကျေးရွာတွေကို စစ်ကောင်စီက ဆန်အပါအဝင် စက်သုံးဆီနဲ့ ဆေးဝါးတွေ သယ်ဆောင်ခွင့်ကို ဖြတ်တောက်လိုက်ပါတယ်။

စစ်ကောင်စီက ပုလောအရှေ့ဖျားက ကျေးရွာနှစ်ဆယ်ကျော်ကို ၂၀၂၂ ခုနှစ် ဧပြီလကစပြီး ဆန်၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန် ဆေးဝါးတွေကို သယ်ယူခွင့် ကန့်သတ်ခဲ့တာပါ။

အရှေ့ဖျားရွာတွေဖြစ်တဲ့ နန်းတောင်၊ ရှမ်းဒွတ်၊ ဒူးရင်းပင်ရှောင်၊ မိကျောင်းသိုက်နဲ့ ပုလောကုန်းကျေးရွာအုပ်စုတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ လှုပ်ရှားနေကြတယ်ဆိုပြီးတော့ စစ်ကောင်စီက ရိက္ခာဖြတ်တောက်ထားတာပါ။

လက်ရှိမှာလည်း ပုလောမြို့ကနေ အရှေ့ဖျားကျေးရွာတွေကိုပို့နေတဲ့ အခြေခံစားသောက်ကုန်တွေကို နန်းတောင်ကျေးရွာစစ်ဆေးရေးဂိတ်ကနေ မဆိုစလောက်လေးသာ သယ်ခွင့်ပေးတာ ခုဆိုရင် ၂ နှစ်နီးပါး ကြာလာပြီဖြစ်ပါတယ်။

“နည်းနည်းပါးပါးပဲ ပေးသယ်တယ်။ လူတစ်ယောက်ဆို ဆန်လေးငါးပြည် စားဆီဆိုတစ်ဘူး။ ဟိုဟာနည်းနည်း ဒီဟာနည်းနည်း အဲဒီလောက်ပဲ သယ်လို့ရတယ်” ဟု ရိက္ခာဖြတ်တောက်ခြင်း ခံထားရတဲ့ ရှမ်းဒွတ်ကျေးရွာနေ အမျိုးသားက ပြောပါတယ်။

အဲဒီလို ကန့်သတ်ထားတာကြောင့် မှောင်ခိုလမ်းကနေ ဝင်ရောက်လာတဲ့ ဆန်အပါအဝင်ရိက္ခာတွေကို ဈေးကြီးပေးပြီး ဝယ်စားနေရတယ်လို့လည်း ဆိုပါတယ်။

မြို့ပေါ်မှာ ဆန်ကြမ်းတစ်ပြည် ကျပ်သုံးထောင်ဆိုရင် သူတို့ဆီမှာ ကျပ်လေးထောင်ပေးပြီး ဝယ်စားနေရသလို စားအုန်းဆီတစ်ဘူးကိုလည်း အလားတူ တစ်ထောင်ကျပ်ဈေးအမြင့်နဲ့ ဝယ်ယူစားသောက်နေရတယ်လို့ ဆိုပါတယ်။

မြို့ပေါ်မှာ ခုနှစ်သောင်းဝန်းကျင် ဈေးရှိတဲ့ ဆန်ကြမ်းတစ်အိတ်ကို တစ်သိန်းပေးကာ ဝယ်ယူစားသောက်နေကြရတယ်လို့ ဆိုပါတယ်။

စားနပ်ရိက္ခာ ဖြတ်တောက်ထားတဲ့အပြင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ အဲဒီရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်လို့ အရပ်သားထိခိုက်သေဆုံး တာတွေရှိလာတာကြောင့် လက်ရှိအချိန်မှာတော့ လူဦးရေထက်ဝက်နီးပါးဟာ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီရွာတွေမှာတော့ လယ်ယာနဲ့ဥယျာဉ်ခြံမြေတွေ လုပ်ကိုင်ကြပြီး မပြေးဘဲကျန်နေသေးတဲ့ ဒေသခံတချို့ကတော့ ကြောက်ကြောက်နဲ့ လုပ်နေကြရတယ်လို့ဆိုပါတယ်။

“ဒီလယ်ဒီဥယျာဉ်လေး လုပ်မှပဲစားရတယ်ဆိုတော့ လက်နက်ကြီးကျမှာ ကြောက်လည်း ကြောက်ကြောက်နဲ့ လုပ်နေရတယ်။ ဒီနှစ်က စပါးဈေးကလည်း ကောင်းတယ်ဆိုတော့ ဒီလိုပဲလုပ်နေရတာပေါ့” လို့ ဒေသခံ အမျိုးသားကပြောပါတယ်။

တစ်ကျော့ပြန် ရိက္ခာဖြတ်ခံရတဲ့ တနင်္သာရီ

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်မှာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ တနင်္သာရီမြို့နယ်ထဲက ကျေးရွာတချို့ကို ဆန်၊ စက်သုံးဆီအပါအဝင် ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ခဲ့ပါတယ်။

စစ်ကောင်စီဟာ တနင်္သာရီမြို့နယ် အဓိကဝင်ပေါက်ဖြစ်တဲ့ ဇဝဲကျေးရွာမှာ စစ်ဆေးရေးဂိတ်ကို ဖွင့်လှစ်လိုက်ပြီး ၂၀၂၂ ခုနှစ်အစမှာ တကူကျေးရွာအုပ်စု၊ သရဘွင်ကျေးရွာအုပ်စုနှင့် မော်တုန်း၊ပဝ၊ လယ်သစ်ကျေးရွာအုပ်စုဘက်ကို ဆန်၊စက်သုံးဆီတွေ သယ်ယူခွင့် ဖြတ်တောက်ခဲ့ပါတယ်။

အဲဒီလို ဖြတ်တောက်ခဲ့ပေမယ့်လည်း ပထဝီအနေအထားနဲ့ တခြားသောအကြောင်းအရာတွေကြောင့် သိသာတဲ့ထိခိုက်မှုမျိုး မရှိခဲ့ပါဘူး။

ထိခိုက်မှုမရှိတဲ့အပြင် ၂၀၂၃ ခုနှစ်အစကစပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက ခံစစ်အနေထားကနေ တိုက်စစ်အထိ တိုးဖောက်တိုက်ခိုက်လာနိုင်ခဲ့ပါတယ်။

ဒါကြောင့်အခုလ ၂၀၂၃ ဩဂုတ်လ ၁၉ ရက်မှာတော့ ဇဝဲဂိတ်ကနေ ဆန်၊စက်သုံးဆီနဲ့ ဆေးဝါးတွေ သယ်ယူခွင့် လုံးဝမပြုတော့ပဲ တစ်ကျော့ပြန် ပိတ်ဆို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အရင်ကတော့ တစ်အိတ်တစ်ပိုင်းပေးသယ်တယ်။ အခုကလုံးဝပေးမသယ်တော့ဘူး။ ပေးမသယ်တာ ရက်ပိုင်းပဲရှိသေးတယ်ဆိုတော့။ အခြေအနေတွေက မသိသာသေးဘူး။ ဆန်ဆီမဟုတ်တဲ့ တခြားကုန်တွေတော့ သယ်လို့ရတယ်ကြားတယ်” လို့ တကူကျေးရွာ ဒေသခံအမျိုးသား ကပြောပါတယ်။

လက်ရှိရက်ပိုင်းအတွင်း ဆန်ဆီရိက္ခာတွေ ဈေးတက်တာ၊ပြတ်လပ်တာတွေ မရှိသေးပေမယ့် ရက်ကြာလာရင် ဒါတွေဖြစ်လာမှာကို ဒေသခံတချို့က စိုးရိမ်နေကြပါတယ်။

ဩဂုတ်လ ၂၅ ရက်မေးမြန်းချက်အရတော့ MPT ဖုန်းလိုင်းတချို့ ပြတ်တောက်တာတွေ ဖြစ်လာနေပြီလို့ဆိုပါတယ်။

အလားတူ လယ်သစ်ကျေးရွာအတွင်းမှာလည်း MPT ဖုန်းလိုင်း ကောင်းကောင်းမရတာ တစ်လလောက်ရှိပြီလို့ လယ်သစ်ဒေသခံတွေ ဆီကသိရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ တနင်္သာရီမြို့နယ် မော်တုန်းကျေးရွာအုပ်စုဘက်နဲ့ ထိုင်း-မြန်မာ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာနေတာကြောင့် အဲဒီအနီးအနား လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဘယ်သူကူလို့ ကယ်နိုင်ပ

ပိတ်ဆို့ဖြတ်တောက်ခံရလို့ စားဝတ်နေရေး အခက်တွေ့နေသူတွေဟာ ရေနစ်တဲ့အချိန် ကောက်ရိုးတစ်မျှင် ဖက်တွက်သလိုမျိုး ရိက္ခာ၊ ဆေးဝါး ထောက်ပံ့ပေးမယ့်သူတွေကို စောင့်မျှော်လေ့ရှိပါတယ်။

ဒါပေမဲ့ များသောအားဖြင့် စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့တွေက တိုက်ပွဲဖြစ်ပွားလို့ လောလောလတ်လတ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသတွေကိုပဲ ကူပေးတာများလို့ ပိတ်ဆို့ခံဒေသက ပြည်သူတွေက ညီးတွားကြပါတယ်။

“အခုဆိုရင်အလှူရှင်တွေကလည်း တိုက်ပွဲတွေမဖြစ်တဲ့ ဒေသဆိုရင် သူတို့ကလည်း မကူပေးဘူးလေ” လို့ တောင်ပျောက်တိုက်နယ်က ဒေသခံတစ်ဦးကဆိုပါတယ်။

စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေကတော့ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့်လည်း ပိတ်ဆို့ခံနေရတဲ့ ဒေသတွေကိုလည်း ကူညီပေးတာတွေရှိတယ်လို့ဆိုပါတယ်။

ထားဝယ်အရှေ့တောဒေသမှာဆိုရင် ဆင်းရဲတဲ့မိသားစု၊ လူဦးရေများတဲ့မိသားစု၊ အသက်ကြီးရွယ်အိုနဲ့၊ ကလေးတွေ ရှိတဲ့ မိသာစုတွေကို ရွေးချယ်ပြီး ဦးစားပေးအနေနဲ့ ကူညီတာတွေရှိတယ်လို့ စစ်ဘေးရှောင်ကူညီနေသူ လူငယ်တစ်ဦးကဆိုပါတယ်။

“ပြည်သူတွေရှိနေသရွေ့ကတော့ သူတို့ (စစ်ကောင်စီက) ဘယ်လိုပဲပိတ်ဆို့နေပါစေ ကျွန်တော်တို့ကတော့ ရသလိုဖောက်ထွက်ပြီး လုပ်ဆောင်ပေးနေပါတယ်” လို့ အဲဒီလူငယ်ကဆိုပါတယ်။

ဒါပေမဲ့ နေရာအားလုံးကို လွှမ်းခြုံအောင်တော့ ထောက်ပံ့နိုင်တာမျိုးမရှိဘူးလို့လည်း သူကပြောဆိုပါတယ်။

ဒါကြောင့် ပိတ်ဆို့ခံဒေသက ပြည်သူတွေကတော့ ထမင်းနပ်မှန်အောင် စားရဖို့အတွက် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေရပါတယ်။

ပိတ်ဆို့ခံဒေသက အခြေခံလူတန်းစားတွေအတွက်ကတော့ ပိုမိုခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရတာပါ။

သူတို့အတွက်ကတော့ အစားအသောက်ကောင်း စားရဖို့ဆိုတာထက် မငတ်ဖို့အတွက် ဆန်ရရှိရေးကသာ အဓိကကျလို့နေပါတယ်။

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ထိန်းချုပ်ဖို့ လုပ်ဆောင်တဲ့ ရိက္ခာဖြတ်လမ်းစဉ်က အဲ့ဒီဒေသမှာနေတဲ့ ပြည်သူတွေအတွက်ကတော့ တစ်ကယ့်ငရဲပါပဲ။ စစ်ကောင်စီရဲ့ ဒီလိုလုပ်ရပ်က ခုတ်ရာတစ်ခြား ရှရာတလွဲဖြစ်ပြီး ပြည်သူတွေကိုပဲ ထိခိုက်စေပါတယ်။

တောင်သုံးလုံးကျေးရွာ ဒေသခံတစ်ဦးက“သူတို့ (စစ်ကောင်စီတပ်) ကတော့ PDF တွေကို ဖြတ်တောက်တာပဲ။ တကယ်တမ်း ရိက္ခာပြတ်နေတာက သာမန်ပြည်သူတွေပဲဖြစ်နေတယ်” လို့ဆိုလိုက်ပါတယ်။