အရှေ့တီမောကို မြန်မာစစ်ကောင်စီ သံတမန်ဆက်ဆံရေးဖြတ်ပြီး သံရုံးတာဝန်ခံကို ထွက်ခွာခိုင်း

0
1290
ပုံစာ - တီမောလက်စ်တေးနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ပြီးခဲ့သည့် ဇူလိုင်လဆန်းတွင် တွေ့ဆုံကာ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြသည်။

တီမောလက်စ်တေးနိုင်ငံကို မြန်မာစစ်ကောင်စီက သံတမန်ဆက်ဆံရေးဖြတ်တောက်လိုက်ပြီး ရန်ကုန်တွင်ရှိသည့် သံရုံးယာယီတာဝန်ခံကိုလည်း မြန်မာနိုင်ငံမှ ထွက်ခွာရန် သံတမန်စာဖြင့် အကြောင်းကြားထားကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၂၇ရက်တွင် ထုတ်ပြန်သည်။

တီမောလက်စ်တေးအစိုးရအား ဆက်တိုက်ဆိုသလို သတိပေးပြောကြားမှုများ ပြုလုပ်နေသည့်ကြားမှ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် သံရုံး ယာယီတာဝန်ခံအနေဖြင့် စက်တင်ဘာလ ၁ရက်နေ့မတိုင်မီ မြန်မာနိုင်ငံမှ ထွက်ခွာရန် ဩဂုတ်လ ၂၅ရက်နေ့တွင် သံတမန်စာဖြင့် အကြောင်းကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။

စစ်အာဏာသိမ်းကာလတွင် သံအရာရှိတစ်ဦးကို ပထမဆုံးအကြိမ် ထွက်ခွာခိုင်းခြင်းဖြစ်သည်။

သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနှင့် မကိုက်ညီသည့် တီမောလက်စ်တေအစိုးရ၏ ပြောကြားချက်နှင့် လုပ်ဆောင်ချက်များအား ပြင်းထန်စွာ ကန့်ကွက်ကြောင်းလည်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ရက်နေ့က ကျင်းပသည့် တီမောလက်စ်တေးနိုင်ငံ ဝန်ကြီးချုပ်သစ်နှင့် အစိုးရအဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုပွဲကို တီမောလက်စ်တေးနိုင်ငံက NUG ကိုသာ တရားဝင်ဖိတ်ကြားခဲ့သည်။

တီမောလက်စ်တေးနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာရဲ့ ဖိတ်ကြားချက်အရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ချက်သမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့်တို့ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့ကြသည်။

NUG အနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံတော်အဆင့်အခမ်းအနားသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရခြင်းဖြစ်သည်။

ယင်းသို့ဖိတ်ကြားမှုကြောင့် ရန်ကုန်ရှိ တီမောလက်စ်တေးသံရုံး ယာယီတာဝန်ခံကို စစ်ကောင်စီက နေပြည်တော်သို့ ခေါ်ယူပြီး သတိထောက်လွှာပေးခဲ့သေးသည်။

သို့သော်လည်း တီမောလက်စ်တေးအစိုးရက NUG အစိုးရနှင့် ထိတွေ့ဆက်ဆံနေသည့်အပြင် သမ္မတ ဟိုးဆေးရာမို့စ်ဟော်တာကလည်း မြန်မာ့အရေးနှင့်ပတ်သက်၍ စစ်ကောင်စီကို ဝေဖန်ပြောဆိုလေ့ရှိသည်။