ကျိုက်ထိုတွင် BGF ဗိုလ်အဆင့်ရှိသူတစ်ဦးနှင့် ဇနီး ပစ်သတ်ခံရ

0
1467

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်အဆင့်ရှိသူတစ်ဦးနှင့် ဇနီးတို့ ပစ်သတ်ခံရကြောင်း ဒေသခံတို့ပြောဆိုချက်နှင့် KRF အဖွဲ့၏ ထုတ်ပြန်ချက်တို့အရ သိရသည်။

ယနေ့ ဩဂုတ်လ ၂၄ရက် နံနက် ၉ နာရီခန့်က BGF က ဗိုလ်အဆင့်ရှိသူ ဝင်းစိုးနှင့် ဇနီးဖြစ်သူ ဒေါ်ဇင်မာမျိုးတို့သည် ကားဖြင့် ဈေးဝယ်ပြီးအပြန် လမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

BGF ဗိုလ်အဆင့်ရှိသူနှင့် ဇနီးတို့ စီးနင်းလာသည့် ကားကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ကော့ထင်းကျေးရွာနှင့် ဘိုရားကြီးကျေးရွာကြားရှိ တာဘောင်တံတားအနီးတွင် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ထုတ်ပြန်ထားသည်။

ပစ်ခတ်ခံရမှုကြောင့် ဗိုလ်ဝင်းစိုးတွင် ဦးခေါင်း၊ ယာရင်ဘတ်၊ ယာဒူး ကျည်ထိမှန်ဒဏ်ရာရရှိပြီး ဒေါ်ဇင်မာမျိုးတွင် ဝဲနားထင်၊ ယာလက်ဖျံ ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ကားလည်း ကြေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗိုလ်ဝင်းစိုးထံမှ သေနတ်နှစ်လက်နှင့် BGF အဖွဲ့ဝင်ကတ်၊ ဖုန်း၊ ယာဉ်မောင်းလိုင်စင်တို့ သိမ်းဆည်းရမိကြောင်းလည်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

သေဆုံးသွားသည့် ဗိုလ်ဝင်းစိုးနှင့် ဇနီး ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဗိုလ်ဝင်းစိုးသည် စစ်ကောင်စီသတင်းပေးလုပ်ပြီး ပြည်သူကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများအပြင် လောင်းကစားဝိုင်း လုပ်ခြင်း၊ ကားမှောင်ခိုလုပ်ခြင်း၊ မြို့နယ်လယ်ယာနှင့် ပေါင်းပြီး သောင်နုမြေများကို သိမ်းဆည်းခြင်း၊ ခြိမ်းခြောက် ငွေညှစ်ကာ လျှပ်စစ်မီးဖြတ်တောက်ခြင်း စသည်တို့ကို လုပ်ဆောင်နေသူဖြစ်သည်ဟု KRF က ထုတ်ပြန်ထားသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်းပေးဆိုသူများ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။