ကလိန်အောင်တွင် ရပ်ထားသည့်ကားကို ဆိုင်ကယ်ဖြင့်ဝင်တိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံး

0
1276

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ဆံတော်ရှင်ဘုရားတောင်တက်လမ်းအနီး၌ ရပ်ထားသည့်ကားကို ဆိုင်ကယ်ဖြင့်ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ သေဆုံးကြောင်း မြို့ခံများက ပြောသည်။

ကလိန်အောင်မြို့၊ ရေး-ထားဝယ်ကားလမ်းမဘေးတွင် နေထိုင်သည့် အသက်၆၅ နှစ်အရွယ် ဦးသိန်းဝင်းဆိုသူသည် ဆံတော်ရှင်ဘုရားတောင်ခြေရှိ ၎င်း၏ဥယျာဉ်ခြံမှ ဩဂုတ်လ ၂၃ရက် နံနက် ၉နာရီခန့်တွင် ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ယာဉ်တိုက်မှုဖြစ်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“ယာဉ်တိုက်မှုဖြစ်တဲ့နေရာက တောင်အဆင်းနဲ့ လမ်းသုံးခွ ဆုံချက်နေရာ။ သူ့ဆိုင်ကယ်မှာကလည်း ကွမ်းသီးအိတ်က ရှေ့တစ်အိတ်၊ နောက်တစ်အိတ်တင်လာတယ်။ တောင်အဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားတဲ့ဒိုင်နာကားနဲ့ ဝင်တိုက်မိပြီး ပွဲချင်းပြီးဆုံးသွားတာ” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောဆိုသည်။

ဒိုင်နာကားယာဉ်မောင်းကိုမူ ယမန်နေ့က ရဲစခန်းက ခေါ်ယူစစ်ဆေးပြီးနောက် ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇူလိုင်လကလည်း ကလိန်အောင်မြို့တွင် သဲတင်ကားနှင့် မော်တော်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်တွင် လိုက်လာပါသူ သုံးဦးတွင် ကျောင်းသူမိန်းကလေးငယ်နှစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့သေးသည်။