ဘီးလင်းတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရ

0
1286

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မရမ်းကုန်းကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်က မရမ်းကုန်းကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဒေါ်ဝါဝါနုသည် ရွာပြင်ရှိ ၎င်းပိုင်ဥယျာဉ်ခြံသို့သွားစဉ် ခြံအနီးအရောက်တွင် မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဒေါ်ဝါဝါနုသည် ဝဲနားအနောက်ဘက် ပေါက်ပြဲ၊ ဝဲလက်မောင်း မိုင်းစဖောက်ဝင်၊ ဝဲတင်ပါး မိုင်းစဖောက်ဝင်၊ ဝဲပေါင်နှင့် ဝဲခြေသလုံး မိုင်းစဖောက်ဝင်ဒဏ်ရာများ ရရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ခြံသွားတာ ခြံနားအရောက်မှာ မြေမြှုပ်မိုင်းနင်းမိတယ်။ ဒီဒေသမှာ မိုင်းနင်းမိတာ မကြားဖူးဘူး။ အခုဖြစ်သွားတာကလည်း ရွာနားမှာပဲဆိုတော့ ကြောက်တာပေါ့” ဟု ၎င်းက ပြောဆိုသည်။

မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သည့် ဒေါ်ဝါဝါနုကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ဘီးလင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါမြေမြှုပ်မိုင်းမှာ မည်သည့်အဖွဲ့က ထောင်ထားသည့်မိုင်းဖြစ်သည်ကို မသိရသေးပေ။

မရမ်းကုန်းကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ညက ဘီးလင်းမြို့နယ်၊ နတ်ကြီး-ရှမ်းစုကျေးရွာအနီး နတ်ကြီး-ဘင်ဘန်း သွား ကားလမ်းတွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သေးသည်။

စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု ပြင်းထန်နေသည့် သထုံခရိုင်အတွင်းက ကျိုက်ထို၊ ဘီးလင်း၊ သထုံတို့တွင် မြေမြှုပ်မိုင်းနင်းမိသည်ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိသည်။

အလားတူ ရေးမြို့နယ်တွင်လည်း မြေမြှုပ်မိုင်း နင်းမိသည့်ဖြစ်စဉ်ဆက်တိုက်ဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြုပ်မိုင်းနင်းမိမှုကြောင်း အရပ်သား သေဆုံးမှုခဲ့သည့်အပြင် ခြေထောက်ဖြတ်တောက်ခံခဲ့ရသူလည်း ရှိခဲ့သည်။