ရေဖြူတွင် စစ်ကြောင်းထိုးချိန် နေအိမ်၁၇လုံးမီးရှို့ခံရပြီး ရဟန်းတစ်ပါးနှင့် အရပ်သားခုနစ်ဦးပစ်ခတ်ခံရ

0
1609

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်သည့် ၁၂ရက်တာ အတွင်း နေအိမ် ၁၇လုံးမီးရှို့ခံရပြီး ဘုန်းကြီးတစ်ပါးနှင့် အရပ်သားခုနစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသခံထံမှသိရသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၈ ရက်နေ့မှ ၁၉ ရက်အထိ လဲရှောင်၊ ထိန်ကြီး၊ ခ‌မောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်း စသော ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၁၁ ရက်နေ့တွင် ဝဇွမ်းတောရွာက နေအိမ်သုံးလုံးကို မီးရှို့ခဲ့ပြီး ၁၄ ရက်နေ့တွင် ဧကနိရွာက နေအိမ် ၁၄ လုံးကို မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၁ ရက်က ဝါးဇွမ်းတောရွာသို့ စစ်ကြောင်းဝင်လာချိန် သေနတ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၇၇နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး၊ အသက် ၃၁နှစ်ရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဩဂုတ်လ ၁၅ ရက်တွင်လည်း စစ်ဘေးရှောင်ကြသည့် ဧကနိအနောက်ကျောင်းက ရဟန်းတစ်ပါးနှင့် ရွာသားတစ်ဦး ပစ်ခတ်ခံခဲ့ရသည်။

ဧကနိရွာအရှေ့ဘက် ဘုရားတောင်အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရေဖြူမြို့ ရပ်တော်မူဘုရာအနီးလမ်းဆုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဩဂုတ်လ ၁၈ရက်နေ့က ပစ်ခတ်သည့် ဖြစ်စဉ်တွင် ဒေသခံအရပ်သားလေးဦး ဒဏ်ရာရပြန်သည်။

စစ်ကြောင်းနှင့်အတူ ဖမ်းခေါ်လာသည့် ဧကနိရွားသား ၁၀ဦးအနက် တစ်ဦးထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ ဒေသခံ အရပ်သား အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ဒဏ်ရာပြင်းထန်သည့် အမျိုးသမီးနှစ်ဦးကို ဆေးရုံသို့ အရးပေါ်ပို့ဆောင်ခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကြောင်းဝင်ရောက်ပြီးနောက် ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်ကြသည့် ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်း‌တော စသည့် ကျေးရွာသုံးရွာက နေအိမ်ရာနှင့်ချီ စစ်ကောင်စီတပ်က ဖောက်ထွင်းဖျက်ဆီးခံရပြီး ပစ္စည်းများလည်း ယူဆောင်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။

“ဧကနိရွာမှာဆိုရင် အခုထိ လူမနေရဲတော့ဘူး။ အများစုပြောင်းပြေးကုန်ပြီ။ ဖျက်ဆီးခံရတဲ့အိမ်က အားလုံးလည်း လိုက်မရေနိုင်တော့ ဧကနိရွာတစ်ခုတည်းကို တစ်ရာကျော်လောက်ရှိနိုင်တယ်” ဟု စစ်ဘေးရှောင် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီးကာ လူသားဒိုင်းသဖွယ်စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်ခဲ့ပြီး ဧကနိ၊ ဝဇွမ်းတော၊ ခမောင်းချောင်း၊ လဲရှောင်ရွာတို့က ဖမ်းဆီးခံရသည့် ဒေသခံများမှာ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း အဆိုပါကျေးရွာများမှ ဒေသခံများကို ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

ဖမ်းဆီးခံထားရသူ ထပ်မံရှိ မရှိကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကြောင်းထိုးချိန်အတွင်း နှစ်ဖက်တိုက်ပွဲများရှိခဲ့ကြောင်း နှစ်ဖက်ထုတ်ပြန်ချက်များအရ သိရသည်။