ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ဒေသခံများစစ်ဘေးရှောင်

0
1359

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်းမှစတင်ကာ စစ်ကြောင်းထိုးနေခြင်းကြောင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးနေရသည်။

အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်များသည် ထားဝယ်မြို့မှနေ၍ ပကာရီရဲကင်းစခန်းသို့ ကားလေးစီးခန့်ဖြင့် ယနေ့ မနက်အစောပိုင်း တစ်နာရီခန့်က ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ပကာရီကျေးရွာမှတစ်ဆင့် ပခပ်၊ သင်္ကန်းတုံး၊ ဝကုန်း၊ ဘဝပင်၊ သရက်ငုတ်၊ ရမ္မဇူစသည့်ကျေးရွာများကို ယနေ့မနက် ၄ နာရီခန့်မှစပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု အရှေ့တောတွင် နေထိုင်သည့် ဒေသခံအချို့ကပြောသည်။

“မနက်တည်းက ရွာမှာရှိနေတဲ့သူတွေအကုန်လုံး ထွက်ပြေးလာကြတယ်။ အခုညနေ ၃ နာရီအထိတော့ ပစ်ခတ်တာတွေ မရှိသေးဘူး” ဟု ဝကုန်းရွာက အမျိုးသမီးက ဆိုသည်။

ယင်းအပြင် သရက်ငုတ် ရွာသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

“ဒေသခံတွေအကုန်လုံးကတော့ ရွာထဲမှာမရှိတော့ဘူး။ ဘေးလွတ်မယ်ထင်တဲ့နေရာကို ရွှေ့သွားကြကုန်ပြီ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

သံမဏိပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူကမူ ဒေသခံနှစ်ဦးအဖမ်းခံထားရသည်ဟု ပြောဆိုပြီး ယင်းနှင့်ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်က ယခုလ တတိယအပတ် စစ်ကြောင်းထိုးစဉ်က ဒေသခံ ၁၂ ဦးခန့် ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လွှတ်ပေးခဲ့သည်။

စစ်ကောင်စီတပ်က ယခုလ ၁၄၊ ၁၅ ရက်များကလည်း ကျောက်မဲတောင်မှတစ်ဆင့် ဟိန္ဒား၊ ဝကုန်း၊ သင်္ကန်းတုံးကျေးရွာများကို စစ်ကြောင်းထိုးခဲ့ပြီး ဩဂုတ်လ ၁၆ ရက် နေ့လယ် ၁ နာရီခန့်တွင် သင်္ကန်းတုံးရွာထိပ်၌ ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။