ဇဝဲဂိတ်မှ တနင်္သာရီဘက်သို့ ဆန်၊ ဆီ အပါအဝင် ရိက္ခာသယ်ယူခွင့် ကန့်သတ်

0
1318

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဝင်ပေါက်ဖြစ်သည့် ဇဝဲရွာစစ်ဆေးရေးဂိတ်မှ တနင်္သာရီမြို့နှင့် ကျေးရွာများဘက်သို့ ဆန်အပါအဝင် စက်သုံးဆီနှင့် ရိက္ခာဆေးဝါးများ သယ်ယူခွင့်ကန့်သတ်ပိတ်ပင်လိုက်ကြောင်း ဒေသခံများ ထံမှသိရှိရသည်။

စစ်ဆေးရေးဂိတ်ရှိသည့် ဇဝဲလမ်းဆုံသည် မြိတ်မှတနင်္သာရီမြို့ဘက်သို့သွားလျှင် မဖြစ်မနေဖြတ်ကျော်ရသည့် လမ်းဆုံဖြစ်ပြီး တကူ၊ သရဘွင်ကျေးရွာအုပ်စုသို့ သွားလျှင်လည်း အဆိုပါ ဂိတ်ကိုဖြတ်ကျော်ရသည်။

အဆိုပါဂိတ်မှ ဆန်အပါအဝင် အခြေခံစားသောက်ကုန် သယ်ယူခွင့်ကို သြဂုတ်လ ၁၉ ရက်နေ့မှစတင်၍ ခွင့်ပြုခြင်းမရှိတော့ဟု ဒေသခံများ ကပြောသည်။

“သုံးရက်ရှိပြီ သယ်ခွင့်မပေးတာ။ ဆန်ရယ် ဆီရယ် ဆေးဝါးရယ်ပေါ့။ အတက်ရောအဆင်းရော ကန့်သတ်လိုက်တာ။ အဓိကကတော့ တကူဘက်ကို ပိတ်တာပေါ့”ဟု တကူကျေးရွာ ဒေသခံအမျိုးသား ကပြောသည်။

ယခုကဲ့သို့ ဆန်အပါအဝင် ရိက္ခာသယ်ယူခွင့်ကို မည်သည့်အချိန်အထိ ပိတ်ပင်ကန့်သတ်ထားမည် ဆိုသည်ကို မသိရသေးဘဲ ရက်ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာပြတ်လပ်လာပြီး ကုန်ဈေးနှုန်းများ ထိုးတက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“အရင်တစ်ခါကလည်း ပိတ်ဖူးတယ်။ ရိက္ခာပြတ်လတ်မှုတွေ ဈေးတက်တာတွေဖြစ်သွားတာပေါ့။ နောက်တော့ ပြန်အဆင်ပြေသွားတယ်။ ခုတစ်ခါတော့ ဘယ်လို လာမယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူး”ဟု ဒေသခံအမျိုးသား နောက်တစ်ဦး ကပြောသည်။

အဆိုပါဂိတ်ကို ဇဝဲအခြေစိုက် ၅၅၆ တပ်ရင်းမှ တပ်သားများ ဂိတ်ချစစ်ဆေးနေပြီး တပ်ရင်းမှူးကိုယ်တိုင် လာထိုင်နေသည်ဟု ကြားသိရကြောင်း ဒေသခံအမျိုးသား ကပြောသည်။

စစ်ကောင်စီတပ်က လက်ရှိအချိန်တွင် အရှေ့မော်တုန်းကျေးရွာအုပ်စု၊ တနင်္သာရီမြို့ပေါ်နှင့် ထုံခါ-မောတောင်လမ်းပိုင်းတွင် စစ်ရေးလှုပ်ရှားနေပြီး နှစ်ဖက်စစ်ရေးတင်းမာမှုများ ရှိလာနေသည်ဟု တော်လှန်ရေးအင်အားစုများ ထံမှသိရသည်။