ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
1919

ကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းနေခြင်းကြောင့် ရွှေနှင့် ထိုင်းဘတ်ဈေးမှာ စံချိန်တင်မြင့်တက်ခဲ့သည့် ကာလဖြစ်သည်။

စင်ကာပူဘဏ်ကြီးတစ်ခုက မြန်မာနိုင်ငံနှင့်ဘဏ်လုပ်ငန်းဆိုင်ရာချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းလိုက်သည့် ဂယက်ကြောင့် ရွှေနှင့် ဘတ်ဈေးမှာ ကမောက်ကမဖြစ်နေသည်။

ထိုသို့သောအခြေအနေတွင် အထူးစုံစမ်းစစ်ရေးဦးစီးဌာန(စသုံးလုံး) က ဦးဆောင်သည့် အဖွဲ့ဖွဲ့စည်းကာ  ရွှေစျေးနှင့်ဒေါ်လာစျေးနှုန်း ကျဆင်းရေးလုပ်ဆောင်မည်ဟု  စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နိုင်စိုးက ပြောဆိုကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

လတ်တလောတွင် ကျပ်ငွေတန်ဖိုးဆက်တိုက်ကျနေသည့်အတွက် ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ်သိန်းလေးဆယ်နီးပါးအထိ မြင့်တက်သွားခဲ့ပြီး အချိန်အလိုက် အပြောင်းအလဲဖြစ်နေခဲ့သည်။

စင်ကာပူဘဏ် United Overseas Bank (UOB) က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဘဏ်လုပ်ငန်း ချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီးနောက် ရွှေဈေးထိုးတက်သွားခြင်းဖြစ်သည်။

အဆိုပါဘဏ်မှာ မြန်မာနိုင်ငံရှိ စက်သုံးဆီနှင့် စားအုန်းဆီအပါအဝင် ပို့ကုန်သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ စစ်ဗိုလ်ချုပ်များအပါအဝင် စစ်ကောင်စီနှင့်နီးစပ်သူများ အဓိကအသုံးပြုနေသည့် ဘဏ်တစ်ခုဖြစ်သည်။

ထိုကြောင့် ဩဂုတ်လ ၁၄ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ခုနှစ်သိန်း ဈေးဖွင့်ခဲ့ရာမှ နောက်ရက်များတွင် တဟုန်ထိုး ဈေးတက်လာခဲ့သည်။

ဩဂုတ်လ ၁၈ ရက်နေ့ နံနက်တွင် ထားဝယ်ဈေးကွက်အတွင်း သုံးဆယ်ကိုးသိန်းနှစ်သောင်းအထိ ဈေးဖွင့်ထားသည်။

ထိုင်းဘတ်ဈေးလည်း စံချိန်တင်တက်သွားပြီး ခေတ်အဆက်ဆက် မရှိခဲ့ဖူးသည့် နှုန်းထားတစ်ခုသို့ ရောက်သွားခဲ့သည်။

ထိုင်းငွေတစ်ဘတ်လျှင်  ၉၈ ကျပ်စွန်းစွန်းပေါက်ဈေးရှိရာမှ ကျပ်၁၀၀ ကျော်အထိ ဈေးမြောက်သွားသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၉၃၈  ဘတ် လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ယခုအပတ်တွင် ဓာတ်ဆီဈေးမှာ အပြောင်းအလဲနည်းနေသည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၃၀၀ကျပ် ပတ်ချာနှုန်းထားဖြင့်ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၈၀၀ ကျပ်မှ  ၃၂၀၀ ကျပ်ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ်ရွှေဈေးမှာ အမြင့်ဈေးတွင်ပင် အပြောင်းအလဲများနိုင်သည်။

ပြည်တွင်းရွှေဈေး အဆမတန်တက်နေချိန်တွင် ကမ္ဘာ့ရွှေဈေးမှာ တောက်လျောက်ကျနေပြီး တစ်အောင်စလျှင် ၁၈၈၉ ဒေါ်လာဖြင့် ဈေးဖွင့်ထားသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၁၉၁၄  ဒေါ်လာပေါက်ဈေးရှိပြီး အနိမ့်ဆုံးဆဈေးသို့ ရောက်နေသည်။

ပြည်တွင်းရွှေဈေးမှာ ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် အဆမတန်ဈေးတက်နေခြင်းသာဖြစ်သည့်အတွက် လာမည့်အပတ်တွင် အတက်အကျ ကြမ်းနိုင်ကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း အမြင့်ဈေးတွင်ပင် အပြောင်းအလဲ ဆက်ရှိနေမည်ဖြစ်သည်။

ဘတ်ဈေးမှာ ပြည်တွင်းရွှေဈေး၊ နိုင်ငံရေးအခြေအနေ၊ ကုန်သွယ်ရေး စသည့်အချက်များ အပေါ်မှီတည်နေသည်။

နိုင်ငံတကာငွေပေးချေမှုအတွက် ဘဏ္ဏာရေးလမ်းကြောင်းများကို အမေရိကန်က အရေးယူဖြတ်တောက်ထားချိန်တွင် စစ်ကောင်စီက အခက်တွေ့နေသည့် အခြေအနေဖြစ်နေသည်။

ထိုကြောင့် စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု အဆင်ပြေစေရေးအတွက် နိုင်ငံ ခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့် လိုင်စင်ရဘဏ်များတွင် ထိုင်းဘတ်ငွေဖြင့် ဆောင်ရွက်ခွင့်ပြုကြောင်း ဩဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုအခင်းအကျင်းများကြောင့် ထိုင်းဘတ်ငွေလဲနှုန်းမှာ အတက်ဘက်တွင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ တက်ရိပ်ပြနေသည့်အပြင် ဒေါ်လာငွေလဲနှုန်းကလည်း အမြင့်ဆုံးဈေးတွင် ရှိနေသည်။

အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် သုံးထောင်ကိုးရာကျပ်ဝန်းကျင်ဖြင့် ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။

ထို့အပြင် ပြည်တွင်းသုံး စက်သုံးဆီအားလုံးနီးပါးကို ပြည်ပမှတင်သွင်းနေရသည့်အတွက် စင်္ကာပူဘဏ်၏ ထုတ်ပြန်ချက်ကြောင့် လက်ရှိနှုန်းထားထက် ကျမည့်အရိပ်အယောင် မတွေ့ရပေ။

ထိုကြောင့်လာမည့်အပတ်စက်သုံးဆီဈေးမှာ တစ်လီတာလျှင် ကျပ်နှစ်ထောင်သုံးရာဝန်းကျင်ဖြင့် ဈေးဆက်ဖွင့်နေမည်ဖြစ်သည်။