သွေးသစ်ဝင်းလှိုင်ကို သရေထိုးသတ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို ထွန်းထွန်းမင်း ဆက်လက်ထိန်းသိမ်း

0
1581
Photos - KATO Martial Arts Channel

ရန်ကုန်မြို့၊ သိမ်ဖြူကွင်း၌ ကျင်းပခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံရှစ်(MLW-8)ပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ ပူးတွဲသရေကျကာ ထွန်းထွန်းမင်းက ချန်ပီယံရွှေခါးပတ်ကို ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့ကြောင်း သိရှိရသည်။

ရှစ်ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံရှစ်ပြိုင်ပွဲတွင် တွဲဆိုင်း ၆ ခု ထည့်သွင်းကျင်းပခဲ့ပြီး အဓိကတွဲဆိုင်းဖြစ်သော ၈၀ ကီလိုတန်းပွဲစဉ်အဖြစ် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ စိတ်မကျေပွဲ ထိုးသတ်ကြရာတွင် ပွဲချီ ၅ ချီပြည့်သည်အထိ အနိုင်အရှုံး အဖြေမပေါ်ခဲ့သောကြောင့် ပူးတွဲသရေအဖြစ် သတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်။

ပွဲချီ တစ်ချီလျှင် ၃ မိနစ်နှုန်းဖြင့် ထိုးသတ်ခဲ့ရသော ယခုပွဲစဉ်၌ ပွဲချီ ၅ ချီပြည့်သည်အထိ တစ်ဦးကို တစ်ဦး သူတင်ကိုယ်တင် ထိုးခဲ့ခြင်း မရှိဘဲ ယင်းကဲ့သို့ သူတင်ကိုယ်တင် ထိုးခဲ့မည်ဆိုပါက ပွဲအခြေအနေမှာ ယခုထက်ပို၍ အများကြီး ပွဲပြတ်သွားနိုင်ကြောင်း ပွဲအပြီးတွင် မီဒီယာများနှင့်တွေ့ဆုံရာ၌ ထွန်းထွန်းမင်းက ပြောကြားသွားခဲ့သည်။

ထွန်းထွန်းမင်းသည် ယခုပွဲစဉ်တွင် သွေးသစ်ဝင်းလှိုင်ကို ပူးတွဲသရေ ထိုးသတ်လိုက်နိုင်သည့်အတွက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို ၆ ကြိမ်မြောက် ကာကွယ်နိုင်သူ ဖြစ်သွားခဲ့သည်။

၇၅ ကီလိုတန်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော ထွန်းမင်းအောင်နှင့် ဂျပန်လက်ဝှေ့သမား တိုခဲရှီတို့၏ပွဲစဉ်မှာလည်း သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးသွားခဲ့ပြီး ၇၀ ကီလိုတန်းပွဲစဉ်အဖြစ် ကျော်စွာဝင်းနှင့် အဝသန်တို့ ထိုးသတ်သည့်ပွဲစဉ်၊ ၆၅ ကီလိုတန်းအဖြစ် ဟံသာဝတီနှင့် အီဆိုး တို့ ထိုးသတ်ခဲ့သည့်ပွဲစဉ်များမှာလည်း သရေရလဒ်သာ ထွက်ပေါ်သွားခဲ့သည်။