ရေးတွင် ခရီးသည်တင်ကားပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရ

0
1758

Dawei Watch၊ ဩဂုတ် ၁၇

မွန်ပြည်နယ် ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဩဂုတ်လ ၁၆ ရက် နေ့လယ် ၁၂ နာရီခန့်က ရေးမြို့ဖက်မှ သံဖြူဇရပ်မြို့ဖက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် ကားသည် နှစ်ကရင်ကျေးရွာ အောင်သုခဆီဆိုင်အနီးအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ပစ်ခတ်ခံရသောကြောင့် ခရီးသည်တင်ကားပေါ် လိုက်ပါစီးနင်းလာသည့် အမျိုးသမီးတစ်ဦးတွင် ဝဲဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရကြောင်း ၎င်းတို့က ဆိုသည်။

“သံဖြူဇရပ်နဲ့ ရေးကြား လမ်းပိုင်းမှာ ဒီလိုမျိုး ပစ်ခတ်ခံရတဲ့ဖြစ်စဉ်တွေကတော့ ခဏခဏကြားနေရတယ်။ ဒီလိုမျိုး အရပ်သားတွေကို ပစ်မှတ်ထားလုပ်နေတာကတော့ မဖြစ်သင့်ဘူးလေ” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဒဏ်ရာရှိခဲ့သည့် အမျိုးသမီးသည် ရေးမြို့နယ် အဏ္ဏဝါရပ်ကွက်မှဖြစ်ပြီး လက်ရှိတွင် မော်လမြိုင် ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါပစ်ခတ်မှုကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

သံဖြူဇရပ်-ရေးကားလမ်းတစ်လျှောက်တွင် အရပ်သားကား၊ ခရီးသည်တင်ကား၊ ကုန်တင်ကားနှင့် ဆိုင်ကယ် ပစ်ခတ်ခံရမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်းရှိခဲ့သည်။

ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြားလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည်။

ရေး-သံဖြူဇရပ်ကားလမ်းတွင် နှစ်ဖက်တိုက်ပွဲများကြား အရပ်သားထိခိုက်သေဆုံးခဲ့သလို နှစ်ဖက်တပ်ဖွဲ့တို့ ပစ်ခတ်မှုကြောင့်လည်း လူထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။