ထိုင်းတွင်ဟန်ဆောင်ပြန်ပေးဆွဲ၍ ငွေလိမ်တောင်းမှုများ တက္ကသိုလ်ကျောင်းသားများကို ပစ်မှတ်ထားနေ

0
1365

ထိုင်းနိုင်ငံတွင် တက္ကသိုလ်ကျောင်းသားများကို ပြန်ပေးဆွဲသည့် ပုံစံဖြင့် ဟန်ဆောင်ဗီဒီယိုရိုက်ခိုင်း၍ အွန်လိုင်းငွေလိမ်တောင်းခံမှုများ ဆက်တိုက်ပေါ်ထွက်လာနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဟန်ဆောင်ရိုက်ခိုင်းထားသော ဗီဒီယိုဖိုင်များကို ကျောင်းသားမိဘများထံသို့ ပို့ဆောင်၍ အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်ငွေညှစ်မှုများ ဖြစ်ပေါ်လာနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဘန်ကောက်မြို့ လတ်ခဘန်နယ်မြေက တက္ကသိုလ်ကျောင်းသူတစ်ဦး အဆိုပါအဖြစ်အပျက်တစ်ခုတွင် ထောင်ချောက်မိနေခဲ့သဖြင့် ရဲတပ်ဖွဲ့က ထပ်မံသွားရောက်ကယ်ဆယ်ခဲ့ရကြောင်း ဩဂုတ်လ ၁၃ ရက်နေ့တွင် ဆိုက်ဘာရဲတပ်ဖွဲ့၏ ရဲမှူးကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။

ဩဂုတ်လ ၇ ရက်နေ့တွင် ဘန်ခန်းနယ်မြေရှိ တတိယနှစ် တက္ကသိုလ်ကျောင်းသူတစ်ဦးကို လိမ်လည်သူများက ပစ်မှတ်ထား ဆက်သွယ်လာခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးကြီးက ပြောကြားခဲ့သည်။

လိမ်လည်သူများက စာတိုက်ဝန်ထမ်းများအဖြစ် ဟန်ဆောင်ကာ သူမ၏ ဘဏ်စာအုပ်ကို ရှာတွေ့ထားသည်ဟု လိမ်လည်ဆက်သွယ်လာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုဘဏ်စာအုပ်သည် ငွေကြေးခဝါချမှုများနှင့် ပတ်သက်နေပြီး မြန်မာနိုင်ငံကူးလက်မှတ် ၁၂ အုပ်၊ ATM ဘဏ်ကတ် ၉ ကတ်၊ ဘဏ်စာအုပ် ၈ အုပ်နှင့်အတူ တွေ့ရှိခဲ့ရသည်ဟု လိမ်လည်သူများက ဆက်သွယ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် ကျောင်းသူကို ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ စွန်ခရာရဲစခန်းသို့ အမှုဖွင့်တိုင်ထားသည်ဟု အယုံသွင်းခဲ့ကြောင်း ဖော်ပြထားသည်။

နောက် စွန်ခရာရဲစခန်းက ရဲအရာရှိတစ်ဦးအဖြစ် ဟန်ဆောင်၍ သူမ၏ ဘဏ်အကောင့်ထဲသို့ ဘတ် ၁၃၀၀၀ ငွေလွှဲတစ်ခု မသင်္ကာစရာ ဝင်နေခဲ့သဖြင့် စစ်ဆေးမေးမြန်းခဲ့သေးကြောင်း ဖော်ပြထားသည်။

လိမ်လည်သူများက ကျောင်းသူမှတ်ပုံတင်နှင့် နာမည်အပြည့်အစုံပါဝင်နေသော စာရွက်စာတမ်းအတုများကို ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့၏ စကားဝှက်အထောက်အထားများလည်း ပါဝင်နေခဲ့ကြောင်း ဖော်ပြထားသည်။

နောက် ကျောင်းသူကို ငွေကြေးခဝါချမှုတွင် ပါဝင်နေသဖြင့် ဖုန်းနံပါတ်ပြောင်းလဲပြီး နေထိုင်ရာနေရာကထွက်ကာ ရန်စစ်နယ်မြေရှိ ဟိုတယ်တစ်ခုသို့ သွားရောက်ရန် ညွှန်ကြားခဲ့ကြောင်း ဖော်ပြထားသည်။

နောက် သူမကို လတ်တလောအသုံးပြုနေသော ဆိုရှယ်မီဒီယာအကောင့်အားလုံးကို ဖျက်ရန်ပြောခဲ့ပြီး လိမ်လည်သူများနှင့် တိုက်ရိုက် Video call ပြောဆိုနိုင်သည့် Line အကောင့်ကို ဖွင့်စေခဲ့ကြောင်း ဖော်ပြထားသည်။

သူမကို လက်နှင့် ခြေထောက်များကို တိပ်ဖြင့်ပတ်၍ ပြန်ပေးဆွဲခံရသည့်ပုံစံဖြင့် မှတ်တမ်းတင်ရန် စေခိုင်းခဲ့ကြောင်း ဖော်ပြထားသည်။

ထိုမှတ်တမ်းဓါတ်ပုံ၊ ဗီဒီယိုဖိုင်းများကို မိဘများထံ ပို့ဆောင်၍ သမီးဖြစ်သူ ပြန်ပေးဆွဲခံရကြောင်း အယုံသွင်းကာ ငွေလိမ်လည်တောင်းခံခဲ့ကြောင်း ဖော်ပြထားသည်။

နောက် ရဲတပ်ဖွဲ့များ လာရောက်ကယ်ဆယ်ခဲ့သောအခါတွင် လိမ်လည်သူများက အဆက်အသွယ်လုံးဝ ပြတ်တောက်သွားခဲ့ကြောင်း ဖော်ပြထားသည်။

နောက်ပိုင်းစုံစမ်းမှုအရ လိမ်လည်သူများက မြန်မာနိုင်ငံ တာချီလိတ်ဒေသမှ လုပ်ဆောင်နေသည်ကို သိရှိခဲ့ရပြီး အဆိုပါအွန်လိုင်းငွေကြေးလိမ်လည်မှုများသည် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် လုပ်ဆောင်နေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။

အလားတူဖြစ်ရပ်မျိုး ဘန်ကောက်က ဒုတိယနှစ်ကျောင်းသားတစ်ဦးလည်း ပြီးခဲ့သော ရက်ပိုင်းအတွင်း ကြုံတွေ့ခဲ့ရပြီး လိမ်လည်သူများက ဘတ် ၃ သန်း ငွေညှစ်တောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Ref: The Thaiger, Bangkok Post