ရနောင်းတွင် မြန်မာများ ဘေးတွဲဆိုင်ကယ်ပြေးဆွဲနေမှုကို ထိုင်းကားသမားများဆန္ဒပြ

0
1429

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မြန်မာအလုပ်သမားများက ဘေးတွဲဆိုင်ကယ်ဖြင့် ခရီးသည် ပို့ဆောင်နေကြသဖြင့် ဝင်ငွေနည်းပါးလာနေပြီး အခက်အခဲဖြစ်ပေါ်နေသည်ဟုဆိုကာ ထိုင်းလိုင်းကားငယ်များအသင်းက ယမန်နေ့ (ဩဂုတ် ၁၅) တွင် ဆန္ဒပြခဲ့ကြသည်။

မြန်မာအလုပ်သမားများက ဘေးတွဲဆိုင်ကယ်များဖြင့် ခရီးသည်များအား ကိုယ်တိုင် ချိန်းဆိုမှုများပြုလုပ်ပြီး တစ်နေရာနှင့် တစ်နေရာသို့ ပို့ဆောင်ပေးနေသဖြင့် ၎င်းတို့၏ ဝင်ငွေများနည်းပါးလာနေသည်ဟုဆိုကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

မြို့ပေါ်တွင် ထိုင်းနှင့် မြန်မာအလုပ်သမားများ၏ ဘေးတွဲဆိုင်ကယ်အရေအတွက်လည်း ပေါများလာနေပြီး တရားမဝင် ပို့ဆောင်နေကြသဖြင့် လိုင်းကားအသင်းက ဝင်ငွေနည်းပါးလာနေပြီး အခက်အခဲများစွာဖြစ်ပေါ်နေခဲ့ကြောင်း ဆန္ဒပြခေါင်းဆောင်တစ်ဦး၏ ပြောကြားသည်။

အနီရောင်၊ အပြာရောင် သစ်သားလိုင်းကားငယ် အစီးရေ ၁၃၀ ကျော်အထိ ပါဝင်လာသော အဆိုပါဆန္ဒပြပွဲကို ရနောင်းမြို့စားဟောင်း၏ ရုပ်ထုရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရားမဝင် ဘေးတွဲဆိုင်ကယ်များ ပြေးဆွဲနေမှုများကို အစိုးရက ထိရောက်စွာ ကိုင်တွယ်ပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားအများစုက ကိုယ်ပိုင်ဆိုင်ကယ်များ၊ ဘေးတွဲဆိုင်ကယ်များကို လိုင်စင်မရှိဘဲ မောင်းနှင်ပြေးဆွဲမှုများပြားလာရာမှ လိုင်းကားပြေးဆွဲမှုကို မှီခိုလုပ်ကိုင်နေရသော ရနောင်းဒေသခံအများစုက ခက်ခဲမှုများပြားလာသဖြင့် အစိုးရကို ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံသူတစ်ဦးက ရှင်းပြသည်။

“ရနောင်းဒေသခံအများစုက ဒီအလုပ်နဲ့ပဲ့ လုပ်လာတာ။ နောက်ပိုင်း မြန်မာတွေက ကိုယ်ပိုင်ဆိုင်ကယ်၊ ဘေးတွဲတွေမောင်းလာကြတယ်။ စီးပွားရေးလုပ်ဖို့ လိုင်စင်တင်ထားကြတော့ မဟုတ်ဘူး။ အချင်းချင်း ငါ့ကိုလာကြိုပေး အချိန်းအချက်လုပ်ပြီး ငွေရှင်းကြတယ်။ လုပ်ရင်းနဲ့ ကျယ်ပြန့်လာတယ်။ ဒါကြောင့် ဒေသခံလိုင်းကားတွေက ဆွဲမရတော့ဘူး။ ဒါကြောင့် အစီး ၁၀၀ ကျော်ရပ်ပြီး ဆန္ဒပြကြတာ” ဟု ၎င်းက ဆိုသည်။

ဆန္ဒပြသော နေရာသို့ ရနောင်းခရိုင် အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိလာခဲ့ပြီး လိုင်းကားငယ်အသင်းနှင့်တွေ့ဆုံကာ သက်ရောက်မှုများကို ဆက်လက်အဖြေရှာနိုင်ရန် ကြိုးစားဖြေရှင်းသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့သည် တနင်္သာရီတိုင်းသားအများစု နေထိုင်လုပ်ကိုင်လျက်ရှိသော နယ်စပ်မြို့တစ်မြို့ဖြစ်သည်။

Ref: CH 3, 77 Kaoded