ရေဖြူ ဧကနိရွာတွင် ရဟန်းတစ်ပါးနှင့် လူတစ်ဦး ပစ်ခတ်ခံရ

0
2376

ရေဖြူမြို့နယ် ဧကနိကျေးရွာတွင် ရဟန်းတစ်ပါးနှင့် လူတစ်ဦး ဩဂုတ်လ ၁၅ရက်က ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဧကနိရွာအရှေ့ဘက် ဘုရားတောင်အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဧကနိအနောက်ကျောင်းတွင် သီတင်းသုံးနေသည့် ရဟန်း ဦးကုသလ အပါအဝင် အသက် ၂၆ နှစ်အရွယ်ရှိ ကိုဇင်မောင်တို့ ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။

“ဘုန်းကြီးရဲ့ လည်ပင်းမှာ တစ်ချက်၊ လက်မောင်းနှစ်ချက်ထိတယ်။ လူမှာက လက်ကတီးဆုံ (ချိုင်း) မှာ နှစ်ချက်နဲ့ နောက်တစ်ချက်က အာစောင် ထုတ်ချင်းပေါက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဦးကုသလ တစ်ပါးတည်းသာ ဆေးကုသမှုခံယူ‌နေရပြီး ကိုဇင်မောင်မှာ စိတ်ရောဂါဝေဒနာခံစားနေရသဖြင့် ဆေးရုံ၊ ဆေးခန်းသို့ သယ်ဆောင်သွားရန် အခက်အခဲရှိသဖြင့် ဆေးကုသခွင့်မရသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဩဂုတ်လ ၁၁ နှင့် ၁၄ ရက်နေ့များတွင်လည်း စစ်ကောင်စီတပ်က ဧကနိရွာရှိ နေအိမ် ၃၀ ကျော်ခန့်နှင့် ဝဇွမ်းတောရွာတွင် နေအိမ် သုံးဆောင် တို့ကို မီးရှို့ခဲ့သည့်အပြင် နေအိမ်များကို ဖောက်ထွင်း၍ ရွှေထည်နှင့် ငွေသားအပါဝင် လက်ကိုင်ဖုန်းများကိုလည်း သိမ်းဆည်းသွားကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၈ ရက်နေ့ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာကို စစ်ကြောင်းထိုး နေသောကြောင့် ကျေးရွာ ရှစ်ရွာခန့်က ထောင်နှင့်ချီသော ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်။