ထားဝယ် သင်္ကန်းတုံးရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေ

0
1459

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံအချို့က ပြောသည်။

အင်အား တစ်ရာခန့်ပါသည့် စစ်ကောင်စီတပ်သည် အရှေ့တောဒေသသို့ တောလမ်းနှင့် တောင်ကြောလမ်းများကနေ စစ်ကြောင်းသုံးကြောင်းခွဲကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံအချို့က ဆိုသည်။

ဟိန္ဒားကျေးရွာဖက်မှ ဝကုန်းရွာဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဝကုန်းရွာ ၂၃ မိုင် ရေပူချောင်းအနီး‌တွေ့သည့် လက်လုပ်လက်စား ရွာသားခြောက်ဦးကို ဖမ်းခေါ်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ယနေ့ နံနက်တွင် ဖမ်းဆီးထားသူများထဲက လေးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ရွာသားနှစ်ဦးကို စစ်ကြောင်းနှင့်အတူ သင်္ကန်းတုံးရွာအထိ ခေါ်ဆောင်သွားကြောင်း သင်္ကန်းတုံးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် သင်္ကန်းတုံးရွာအနီးတွင် နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“ဝကုန်းကရွာသား နှစ်ယောက်ကို လူသားဒိုင်းအနေနဲ့ ဖမ်းခေါ်လာတယ်။ လေးယောက်ကိုတော့ ပြန်လွတ်ပေးခဲ့ပြီလို့ ကြားတယ်” ဟု အထက်ပါဒေသခံအမျိုးသားက ပြောဆိုသည်။

လက်နက်ငယ်များအပြင် လက်နက်ကြီးပါ ပစ်ခတ်နေသဖြင့် အနီးဝန်းကျင်ရွာက ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်ပုန်းခိုနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။